လောင်းလုံးမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
21 March 2023
လောင်းလုံးမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာတို့ကို မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့်ဝင်ရောက်ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ရွာခံများလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

“ အခု လက်ရှိက ရွာနှစ်ရွာလုံး ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အိမ်တွေ ဘယ်နှစ်ဆောင်အထိ မီးလောင်နေတယ်ဆိုတာ မသိရသေးဘူး ဖြစ်နေတယ်” ဟု အောက်ကျောက်ဝပ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

ဒေသခံများအများစု နေအိမ်စွန့်ခွာထွက်ပြေးနေရချိန်တွင် လူမရှိသည့်နေအိမ်များသို့ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူကာ မီးရှို့နေခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။ 

ထို့အပြင် “စစ်တပ်က ဝင်လာတဲ့ အချိန် ကြိုသတင်းရလို့ ကျွန်တော်တို့ ရွာခံတွေ ထွက်ပြေးမြန်ခဲ့တာပါ။ ဒါမှ မဟုတ်ရင် ဖမ်းဆီးခံရနိုင်တယ်” ဟု ညောပြင်ရွာဒေသခံတစ်ဦးကလည်း ပြောသည်။ 

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရေကြောင်း၊ ကုန်းကြောင်းတို့မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ 

လက်ရှိ အချိန်အထိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ရွာအတွင်း၌ရှိနေသေး၍ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ 

လောင်းလုံးမြို့နယ်တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေ ရှင်းလင်းရေးအတွက်ဟူ၍ အကြောင်းပြကာ ကျေးရွာအများစုကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required