မြန်မာ့ငြိမ်းချမ်းရေးအတွက် စင်ကာပူက အင်ဒိုနီးရှား၊ အာဆီယံနှင့် ကုလသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည် 

မြန်မာ့ငြိမ်းချမ်းရေးအတွက် စင်ကာပူက အင်ဒိုနီးရှား၊ အာဆီယံနှင့် ကုလသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည် 

တန့်ရပ်နေသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ရေးတွင် မြန်မာအာဏာသိမ်း စစ်ကောင်စီကို တွန်းအားပေးသွားရန် အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံနိုင်ငံများအပြင် ကုလသမဂ္ဂကဲ့သို့သော မိတ်ဖက်များနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ကြာသပတေးနေ့တွင် ပြောသည်။ 

အလည်အပတ် ရောက်ရှိလာသော အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် တွေ့ဆုံပြီးနောက်တွင် ၎င်းက ပြောလာခြင်း ဖြစ်သည်။ 

မြန်မာအရေးတွင် အာဆီယံ ဦးဆောင်သော ငြိမ်းချမ်းရေး အစီအစဉ်၌ အကောင်အထည် ဖော်မှု နည်းပါးခြင်းကို ခေါင်းဆောင်များအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း လီရှန်လွန်းက ဆိုသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်တာကို အဆုံးသတ်စေခဲ့သော ၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းချိန်မှစကာ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။ 

“ဘုံသဘောတူညီချက် ငါးရပ် အပြည့်အဝ အကောင်အထည် ဖော်ရေးအတွက် စင်ကာပူအနေနဲ့ အင်ဒိုနီးရှား၊ အာဆီယံအဖွဲ့ဝင်တွေအပြင် ကုလသမဂ္ဂလို အာဆီယံ မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အာဆီယံနှင့် မြန်မာစစ်ခေါင်းဆောင်တို့ သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။ 

အင်ဒိုနီးရှားသည် လက်ရှိ၌ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ၏ ဥက္ကဋ္ဌဖြစ်သည်။ 

၎င်းအပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရေးတွင် စင်ကာပူနှင့် အင်ဒိုနီးရှားတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးတို့က ကြေညာသည်။ 

အင်ဒိုနီးရှား၏ မြို့တော်သစ် နုဆန်တရာ ဖြစ်ထွန်းဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည့် အသိပညာများကို စင်ကာပူက ဝေမျှခြင်း အပါအဝင် နားလည်မှု စာချွှန်လွှာအချို့ကိုလည်း နှစ်နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required