တနင်္သာရီမြို့တွင် စစ်တပ်မှထောင်ထားသည့်မိုင်းနင်းမိ၍ တပ်မိသားစုဝင်ပြင်းထန်ဒဏ်ရာရ 

By ကိုရွှေမြိတ် (မဲဆောက်) မဇ္ဈိမ
15 March 2023
တနင်္သာရီမြို့တွင် စစ်တပ်မှထောင်ထားသည့်မိုင်းနင်းမိ၍ တပ်မိသားစုဝင်ပြင်းထန်ဒဏ်ရာရ 

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းအား တပ်မိသားစုဝင်တစ်ဦးက ပြန်နင်းမိ၍ ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံများကပြောသည်။ 

ညောင်ပင်ကွင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်က သီဟိုစေ့ လာကောက်သည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေ‌ထောက်တစ်ဖက် ပြတ်ထွက်သွားခြင်းဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“ အဲ့ဒီ အမျိုးသမီးက သီဟိုစေ့လာကောက်ရာမှ နင်းမိတာ ဖြစ်တယ်။ သူရဲ့သမက်က ခမရ (၅၆၁) တပ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တယ်”ဟု ညောင်ပင်ကွင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါမိုင်းကို ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၁) တပ်ရင်းက  တပ်ရင်းအနီး ထောင်ထားခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်များကဆိုသည်။ 

မိုင်းထိမှန်ခဲ့သည့် အမျိုးသမီးသည် အသက် ၄၇ နှစ်ရှိပြီး ဗြဟ္မစိုရ် (၄)သွေးနှင့်ကျန်းမာရေးအထောက် အကူပြုအသင်း၏ လူနာတင်ယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။  ။ မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required