တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာသားများ ထွက်ပြေးနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
27 June 2023
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာသားများ ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့က တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ များက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် စစ်ကောင်စီအမြောက် တပ် (အမတ- ၃၀၆)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ ခြောက်ကြိမ်လောက်ရှိတယ်၊ ရွာထဲကို ကျတယ်၊ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး၊ ရွာသားတွေကတော့ ကြောက်ပြီးထွက်ပြေးနေရတယ်”ဟု ပ၀ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပ၀ကျေးရွာအပြင် လယ်သစ်၊ သာရဖုံ  စသည့် အနီးနားကျေးရွာများမှဒေသခံများလည်း ထွက်ပြေးနေရကြောင်း ပ၀ကျေးရွာမှစစ်ဘေးရှောင် များက ပြောသည်။

“ဒီနေ့ (ဇွန်လ၂၇ ရက်)  မနက်လည်း ရွာသားတွေ ထွက်ပြေးနေရတုန်းပါ၊ တိမ်းရှောင်နေရသေးတယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည့် အတွက် နေအိမ်များ လက်နက်ကြီးထိမှန် ပျက်စီးမှု ရှိ၊ မရှိကို မသိရသေးကြောင်း ရွာခံများက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ပဝကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပဝကျေးရွာရှိ NLD ရုံးနှင့် လူနေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့သည်။
 
ယင်းအပြင် ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ရွာခံများက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်။ 

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly