ရေစကြိုတွင် စာမေးပွဲမေးခွန်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ဦးသေဟုဆို

ရေစကြိုတွင် စာမေးပွဲမေးခွန်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ဦးသေဟုဆို

မဇ္ဈိမ။     ။ မကွေးတိုင်း၊ရေစကြိုမြို့တွင် စစ်ကောင်စီကျောင်းများအတွက် အိမ်စီးကားသုံးစီးဖြင့် မေးခွန်းစာရွက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့မတ်လ ၂ ရက်နေ့ ညကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ ကားနှစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ  စစ်သားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့ပေါ်ရှိကျောင်းများအတွက် စာမေးပွဲမေးခွန်းစာရွက်များကို ပခုက္ကူဘက်မှ  အိမ်စီးကားသုံးစီးဖြင့် သယ်ဆောင်လာစဉ် မြို့အဝင် ဘက်စုံကွေ့နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

” မိုင်းဆွဲလိုက်တော့ ရှေ့ကကားနှစ်စီးက လုံး၀ ပျက်စီးသွားတော့ နောက်ဆုံးကားပေါ်က ဆင်းပြီးပစ်တာ။အဲ့တာကို အဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းပုန်းတွေနဲ့ သူတို့အချင်းချင်း ဗြောင်းတွေဆန်ကုန်တာ။နှစ်ဦးသေတယ်ကြားတယ်” ဟုရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုမိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရေစကြိုမြို့အဝင် ဘက်စုံကွေ့ နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

" မနေ့က ညနက်ပိုင်းက မိုင်းကွဲသံကြားတယ်။ ချက်ချင်းဆိုသလိုပဲ ပစ်ခတ်သံတွေ ဆူညံသွားတယ်။ ဆေးရုံကားသံတွေပါ ကြားရတယ်"ဟု ရေစကြိုမြို့ခံတဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း ရေစကြို အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ  စုပေါင်း ရုံးအတွင်းတပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required