ဇွဲကပင်တောင်တွင် တောမီးလောင်နေ

By YT  မဇ္ဈိမ
02 March 2023
ဇွဲကပင်တောင်တွင် တောမီးလောင်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီက တောမီး စတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းအထိ မီးညွန့်ကျန်နေသေးကာ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဇွဲကပင်တောင် တောမီးသည် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက စတင်လောင်ကျွမ်းနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညတွင် မီးများလာခြင်းဖြစ်ကြောင်း ဇွဲကပင်တောင် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တောမီးလောင်တာပါ။ ညကတော့ တောင်အောက် ဟိုတယ်ဇုန်နားမှာ တစ်ချက်လောင်တယ်။ ကေဘယ် (Cable) လိုင်းကြိုးတွေနားမှာလည်း လောင်တယ်။ ကေဘယ်နားကတဲတွေလည်း တစ်ဝက်လောက် လောင်သွားပါတယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

“ညက လျှပ်စစ်မီးလည်းရနေတော့ ရေတင်ပြီး တောင်ပေါ်ကနေ ည ၁၂ နာရီလောက်ထိ တောင်ပတ် ပတ်လည်ကို တောက်လျှောက်ရေဖျန်းပြီး မီးသတ်ခဲ့ပါတယ်။ အဲဒီတောမီးက  ဒီနေ့ မနက် ၉ နာရီ ၁၀ နာရီ လောက်မှာ ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်တောင်နှာမောင်းလို့ခေါ်တဲ့ စန္ဒမုနိဘုရားဘက်နဲ့ ဝိဇ္ဇာညီနောင် ဘုရားဘက်မှာ ဆက်လောင်နေတယ်” ဟု အဆိုပါ ဂေါပကအဖွဲ့ဝင်က ဆိုသည်။ 

ဇွဲကပင်တောင်၌ တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီလနှင့်မတ်လအတွင်း နှစ်စဉ်လောင်ကျွမ်းလေ့ ရှိပြီး တောမီးတစ်ကြိမ်လောင်လျှင် အနည်းဆုံးတစ်ပတ်ခန့်အထိကြာမြင့်ကြောင်း ဒေသခံများထံမှ သိရ သည်။

ယင်းကြောင့် တောမီးဘေးကိုကြိုတင်ကာကွယ်ရန် ပြီးခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဇွဲကပင်ရင်ပြင်တော် တစ်ဝိုက်၊ ဝိဇ္ဇာညီနောင် စေတီအနီးတစ်ဝိုက်၊ ဇွဲကပင်တောင် အရှေ့နှင့် မြောက်ဘက်ရှိ ဘာသာရေး အဆောက်အအုံများ၏ အနီးတစ်ဝိုက်၌ မီးတားလမ်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများပြုလုပ်ထား ကြောင်း ဘားအံမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံတစ်ဦးက ပြောသည်။

“ကိုယ်တို့ကလည်း ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူဖြစ်တဲ့အတွက် ဒီတောတောင် ရေမြေတွေကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ။ အဲ့ဒါကြောင့် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်ခဲ့ပါ တယ်။ အရမ်းကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိပါဘူး။ ဒါပေမယ့် မီးဝိုင်းနေတဲ့အခြေအနေမျိုးနဲ့ ဘာသာ ရေးအဆောက်အအုံတွေကိုတော့ စိတ်ပူရတာမျိုးတော့ ရှိတာပေါ့” ဟု ဘားအံမြို့ခံတစ်ဦးက ပြောသည်။

ယခုနှစ် ဇွဲကပင်တောင် တောမီးလောင်ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်တယ်လီ ဂရမ်ချန်နယ်များတွင် KNU ၊ PDF များမှ မီးရှို့သည်ဟု ရေးသားဖော်ပြနေကြပြီး အဆိုပါ ရေးသားဖြန့်ဝေ မှုသည် လုံးဝမှားယွင်းကြောင်း ဘားအံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အခုချိန်မှာတော့ သူတို့က ဘာနေနေ အကုန် PDF လုပ်တယ် ပြောနေမှာပဲ။ ဘားအံကလူတွေအတွက် တော့ ဒါဟာပုံမှန်ပဲ။ တောမီးက နှစ်တိုင်းလောင်နေကျဆိုတာ မြို့ခံတိုင်းသိတယ်” ဟု ပြောသည်။

တောမီးလောင်ကျွမ်းမှုကြောင့် မတ်လ ၃ ရက်နေ့တွင်စတင်ကျင်းပမည့် ဇွဲကပင်တောင် တပေါင်းပွဲတော် အား အကျဉ်းချုံးပြီး အဆင်ပြေအောင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required