ယခုနှစ်၌ ထိုင်းနိုင်ငံဆီ နိုင်ငံခြားဧည့်သည် သန်း ၃၀ ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ် ယုံကြည် 

By Reuters 
08 February 2023
ယခုနှစ်၌ ထိုင်းနိုင်ငံဆီ နိုင်ငံခြားဧည့်သည် သန်း ၃၀ ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ် ယုံကြည် 

ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းသည် အရှိန်ပြန်ရလာပြီဖြစ်၍ ယခုနှစ်၌ နိုင်ငံခြားဧည့်သည် သန်း ၃၀ ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ်က ယုံကြည်ထားကြောင်း ပြောခွင့်ရသူတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။ 

ဧည့်သည်များ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ဘေးကင်းလုံခြုံမှု စိတ်ချရရေးတို့အတွက် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် သက်ဆိုင်ရာဌာနများအား ညွှန်ကြားထားကြောင်း ပြောခွင့်ရသူ အနုချာ ဘူရာပါချိုင်သီရိက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

ကနဦးက အစိုးရသည် ယခုနှစ်၌ ပြည်ပဧည့်သည် သန်း ၂၀ ကျော် ဝင်ရောက်မည် ခန့်မှန်းကာ နောက်ပိုင်းတွင် ၂၈ သန်းသို့ တိုးမြှင့်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“လောလောဆယ်မှာတော့ ဝန်ကြီးချုပ်ဟာ ဧည့်သည် သန်း ၃၀ ကျော် လာရောက်မယ်လို့ ယုံကြည်ချက် ရှိနေတယ်”ဟု အနုချာက ဆိုသည်။ 

တရုတ်၏ နယ်စပ်များ ပြန်ဖွင့်ခြင်းနှင့် တရုတ်ဧည့်သည်များ ပြန်လည်လာရောက်ခြင်းများနောက် ယခုကဲ့သို့ မျှော်မှန်းလာခြင်းလည်း ဖြစ်သည်။ 

လက်ရှိ၌ ထိုင်းနိုင်ငံသည် တရုတ်ဧည့်သည် ခုနစ်သန်းမှ ရှစ်သန်းအထိ ယခုနှစ်အတွင်း မျှော်လင့်ထားပြီး ယခင် မျှော်မှန်းသည် ငါးသန်းမှ တိုးမြှင့်လိုက်ခြင်းပဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး ဆူပါဆွန်းက ရိုက်တာသို့ ပြောသည်။ 

“အစောပိုင်းကတော့ တရုတ်ဟာ အုပ်စုလိုက် ခရီးထွက်တာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ထင်ခဲ့တယ်၊ လက်ရှိမှာတော့ တရုတ်ဧည့်သည် ခုနစ်သန်းကနေ ရှစ်သန်းလောက်ကို ကျွန်တော်တို့ မျှော်လင့်လို့ ရနေပြီ”ဟု ၎င်းက ပြောသည်။ 

ယခု မျှော်မှန်းချက်သည် ၂၀၁၉ ကပ်ဘေးမတိုင်ခင်က စံချိန်တင် တရုတ်ဧည့်သည် ၁၁ သန်း၏ ထက်ဝက်ကျော်လည်း ဖြစ်သည်။ 

ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ ထိုင်းနိုင်ငံသည် တရုတ်ဧည့်သည် ၉၉,၄၂၉ ဦး လာရောက်ခဲ့ကြောင်း ဆူပါဆွန်းက ပြောသည်။ 

ဇန်နဝါရီလအတွင်း ပြည်ပဧည့်သည်အားလုံး လာရောက်မှုသည် ၂ ဒသမ ၁ သန်းဝန်းကျင် ရှိသည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

၂၀၂၂ အတွင်းက ထိုင်းနိုင်ငံသည် နိုင်ငံခြားဧည့်သည် ၁၁ ဒသမ ၁၅ သန်းဖြင့် ခရီးသွားလုပ်ငန်း ရည်မှန်းချက်ကို ကျော်လွန်ပြီး ကပ်ဘေးနှင့် ဆက်စပ်သော ခရီးသွားကန့်သတ်ချက်များ ရှိခဲ့သည့် တမန်နှစ်က ၄၂၈,၀၀၀ ခန့်ထက် ထိုးတက်လာခြင်းပဲ ဖြစ်သည်။ 

ကပ်ဘေးမတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ နိုင်ငံခြားဧည့်သည် သန်း ၄၀ နီးပါး ရောက်ရှိခဲ့ပြီး ထိုင်းဘတ်ငွေ ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၇၈ ဘီလီယံ) သုံးစွဲခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly