ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ဒရုန်း ၆စီး ပျက်စီးခဲ့၍ ပြန်လည်ဝယ်ယူရန် အလှူငွေအရေးပေါ်လိုအပ်ဟုဆို

By သွင်ထူးဈာန်
02 February 2023
ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ဒရုန်း ၆စီး ပျက်စီးခဲ့၍ ပြန်လည်ဝယ်ယူရန် အလှူငွေအရေးပေါ်လိုအပ်ဟုဆို

ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် တိုက်ပွဲတွင် ဗိုလ်အယ်စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်း၊ KTLA လက်အောက်ခံ Angry Bird Drone Rangers မှ ဒရုန်း ခြောက်စီးပျက်စီးခဲ့သည့်အတွက် ပြုပြင်ရန်နှင့် အသစ်ပြန်လည်ဝယ်ယူရန်အတွက် အရေးပေါ်အလှူငွေ လိုအပ်နေကြောင်းသိရသည်။

“ဒရုန်းအပစ်ခံရလို့ ပျက်ကျတာအတော်များတယ် ပျက်ကျတာ ခြောက်စီးရှိပြီ၊ ပြန်ပြင်ရတာနဲ့ အဲ့တော့ အလှူငွေအတော်လိုအပ်နေတယ်၊ ပြည်သူတွေအနေနဲ့ ကူညီပေးစေချင်တယ်၊ ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့ ပွဲတွေက ကော့ကရိတ်၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒိုးအနီးတစ်ဝိုက်စခန်းတွေပါ” ဟု Angry Bird Drone Rangersမှ ဦးဆောင်သူ ကိုတရုတ်ကြီးက ပြောသည်။

အဆိုပါ ဒရုန်းအဖွဲ့သည် ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၊ တောင်ကလေးစခန်းသိမ်းပွဲ၊ ချောင်းနှစ်ခွရဲစခန်း၊ သံပုရာတွင် တပ်စွဲထားသော စစ်ကြောင်းအား တိုက်ခိုက်ခြင်း၊ တောင်စွန်း လေးရက်ကြာတိုက်ပွဲ၊ ကျုံဒိုး ကမ်းနီ ခြောက်ရက်တာ တိုက်ပွဲနှင့် အခြားတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးခန့် သေဆုံးခဲ့ပြီး ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Angry Bird Drone Rangersအဖွဲ့သည် ၂၀၂၂ခုနှစ် ဧပြီလမှစတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကာ ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် မြေပြင်များ၌ စတင်ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly