ပဲပြုတ်သည်ပင် မထွက်သည့် အာဏာသိမ်းမှု ၂ နှစ်ပြည့် ရန်ကုန်လူထုတိုက်ပွဲ

By ဝေဟင်စိုး(မဇ္ဈိမ)
01 February 2023
ပဲပြုတ်သည်ပင် မထွက်သည့် အာဏာသိမ်းမှု ၂ နှစ်ပြည့် ရန်ကုန်လူထုတိုက်ပွဲ
လှိုင်သာယာ

 ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်အစောပိုင်းမှစ၍ ပဲပြုတ်သည်ပင် မထွက်ဘဲ ရန်ကုန်လူထုက အာဏာသိမ်းမှု နှစ်နှစ်တင်းတင်းပြည့် အသံတိတ်သပိတ်တွင် ပါဝင်လှုပ်ရှားခဲ့ကြသည်။ 

ရန်ကုန်မြို့တွင် နံနက်စောစောပိုင်းက ကုမ္ပဏီဝန်ထမ်းအချို့ အသံတိတ်သပိတ် မစတင်မီ အလုပ်သို့အရောက် ခပ်သွက်သွက် သွားလာနေကြသည်ကို မြင်တွေ့ရသည်။ 

အလားတူ ရပ်ကွက်များအတွင်း ပုံမှန် ရောင်းဝယ်နေကြသည့် ပဲပြုတ်သည်၊ ရေသန့်သည်၊ အလှူခံများအပါအဝင်  ဘုန်းကြီးများပင် ဆွမ်းခံမကြွသည်ကို တွေ့မြင်ရသည်။ သို့သော် ရပ်ကွက်အချို့တွင် သပိတ်မစတင်မီ ဘုန်းကြီးအချို့ ဆွမ်းခံခပ်သွက်သွက်ထွက်နေသည်ကိုလည်း တွေ့မြင်ရသည်။ 

"ပုံမှန်ဆို အလုပ်ချိန်က ၁၀ နာရီအရောက်ပေါ့။ အရင်ဆို အိမ်ကနေ ၉ နာရီလောက်မှထွက်ရင် အလုပ်ချိန်အမီရောက်တယ်။ အခု မနက် ၁၀ နာရီ လမ်းပေါ်မှာမရှိချင်လို့ သပိတ် မစမီ စောစောသွားလိုက်တာ။ အလုပ်ထဲမှာလည်း အမြဲလိုလို နေ့လယ်လောက်မှရောက်တတ်တဲ့ အလုပ်ရှင်တောင် ဒီနေ့အစောကြီးရောက်နေတယ်။ ဒါက တစ်ဦးနဲ့တစ်ဦး ထုတ်မပြောကြပေမယ့် လူထုဦးဆောင်တဲ့ အသံတိတ်သပိတ်မှာ ကိုယ်စီစိတ်ဓာတ်နဲ့ ပါဝင်လာတယ်လို့ မြင်တယ်" ဟု ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ရန်ကုန်မြို့နေ ပြည်သူလူထုက  စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်အတွက် " တစ်သံတည်းညီ တစ်ချီတည်းရုန်း"  အသံတိတ်သပိတ်တွင် တော်လှန်အင်အားစုအားလုံးနှင့် တသားတည်းရပ်တည်လျက်ရှိကြောင်း လှုပ်ရှားမှုတစ်ရပ်ကိုလည်း မြို့နယ်အချို့တွင် ပြုလုပ်ခဲ့ကြသည်။ 

ယနေ့ လှုပ်ရှားမှုသည် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်မြဲဖြစ်ကြောင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိစေရန် အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။ 

ယနေ့ ပြုလုပ်သည့် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ ညနေ ၃နာရီ အထိ သတ်မှတ်ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း တစ်တိုင်းလုံးနီးပါး လှုပ်ရှားမှုတွင် ပါဝင်နေသည်ကို ကြားသိရသည်။ 

စက်ရုံအလုပ်ရုံများနှင့် အခြေခံအလုပ်သမားလူတန်းစား အများဆုံးနေထိုင်သည့် လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက " မနက် ၁၀ နာရီမထိုးခင်အထိတော့ သွားလာနေကြတာတွေ့ရတယ်။ လမ်းဘေးကွမ်းယာဆိုင်အချို့ မထွက်တာတွေ့ရတယ်။ အရင် လှိုင်သာယာကနေ ငါး‌ဈေးကို ကြို့ပို့လုပ်နေတဲ့ ကြားကား (အောက်ဆိုက်ကား)တွေ ဒီနေ့မထွက်ကြဘူး။ လှိုင်သာယာဆိုတာက လူတန်းစားပေါင်းစုံ နေထိုင်ကြပေမယ့် အခု အသွားအလာ ရှင်းလင်းနေတယ်" ဟု သူမြင်တွေ့ရပုံကို ရှင်းပြသည်။ 

ထို့အပြင် ရန်ကုန်မြို့တွင်းအပါအဝင် မြို့နယ်အချို့တွင် စစ်ကောင်စီ လုံခြုံရေးကင်းလှည့်ကားများ ကားကြီး ကားငယ် အသီးသီးဖြင့် ကင်းလှည့်မှုများရှိနေသည်ကိုလည်း တွေ့မြင်ရပြီး၊ အချို့သော YBS ယာဉ်များ နာရီပိုင်းအကြာမှ တစ်စီး ပြေးဆွဲနေသည်ကိုလည်း တွေ့ရသည်။ 

တစ်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က အသံတိတ်သပိတ်ကို ပြန်လည်တန်ပြန်လှုပ်ရှားမှု တစ်ရပ်အဖြစ်  နံနက် ၁၀ နာရီခွဲမှ စတင်ကာ စစ်တပ်ထောက်ခံပွဲတစ်ရပ် အနေဖြင့် ရန်ကုန်ဆူးလေလမ်းမကြီးတစ်လျောက် ချီတက် လမ်းလျှောက်မည်ဟု ကြားသိရသည်။ 

တပ်မတော်ထောက်ခံပွဲ ပြုလုပ်သူများသည် ရန်ကုန်သမ္မတ ရုပ်ရှင်ရုံအနီးတွင် စုရပ်လုပ်ကာ ဆူးလေလမ်းမကြီးအတိုင်း မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံသို့ ချီတက်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်း ချီတက်လမ်းလျှောက်မှုအား ဝန်ကြီးဌာနပေါင်းစုံရှိ Non CDM သမားများကို  စာထုတ်အကြောင်းကြားကာ မပါမနေရ ခေါ်ယူထားခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

"ဆန္ဒပြပွဲကို  မဖြစ်မနေ တက်ရမယ်ဆိုပြီး ပြောလာတော့ သွားရမှာပေါ့။ မသွားလို့မရဘူး။ စိတ်တွေလည်းညစ်တယ်" ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ တက္ကသိုလ် ဆရာမတစ်ဦးက ဆိုသည်။ 

"ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဆိုရင် အာဏာရှင်စနစ်အပြီးတိုင်ချေမှုန်းရေးနဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့တွင် မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆို ပြည်သူနှင့်အတူ တသားတည်းရပ်တည်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်မယ်လို့လည်း သစ္စာအဓိဋ္ဌာန်ပြုပါတယ်" ဟု အမှတ်(၃)စစ်ဒေသခွဲ သတင်းနှင့် ပြန်ကြားရေးဌာနကလည်း ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲရာတွင် ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် တစ်ကြိမ်၊၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊  အာဏာသိမ်း ၁ နှစ်ပြည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ အာဏာသိမ်း ၂နှစ်ပြည့်တွင် တစ်ကြိမ်အသီးသီးပြုလုပ်ခဲ့ကြပြီး၊ အကြိမ်တိုင်းတွင် ရာနှုန်းပြည့်အောင်မြင်ခဲ့ကြသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly