အိန္ဒိယက တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေဟုဆို

အိန္ဒိယက တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေဟုဆို

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု အလျင်အမြန် မြင့်တက်လာချိန်တွင် အိန္ဒိယက တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါအခြေအနေကို စောင့်ကြည့်နေကြောင်း ပြည်ပရေးရာဝန်ကြီးဌာန (MEA) က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

“တရုတ်နိုင်ငံတွင်းက ကိုဗစ်အခြေအနေကို ကျွန်တော်တို့ မျက်ခြည်မပြတ်စောင့်ကြည့်နေပါတယ်။ ကျွန်တော် တို့က ကမ္ဘာ့ဆေးဝါးထုတ်လုပ်သူအနေနဲ့ တခြားနိုင်ငံတွေကို အမြဲ ကူညီခဲ့ပါတယ်။

“ကျွန်တော်တို့ ခရီးသွားအကြံပြုချက် မထုတ်ရသေးပေမယ့် ပြည်သူတွေအနေနဲ့ ကိုယ်နေတဲ့ တိုင်းပြည်ရဲ့ ဒေသတွင်းစည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်” ဟု ပြည်ပရေးရာဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တရုတ်အနေဖြင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မကြာသေးခင်က ဖြေလျှော့လိုက်မှုသည် လူပေါင်း ၁ သန်းနီးပါးကို သေစေနိုင်ကြောင်း CNN သတင်းက ဖော်ပြခဲ့သည်။

ကိုဗစ်ကန့်သတ်ချက်များကို ယခုလတွင် ဖြေလျှော့လိုက်ပြီးနောက် တရုတ်သည် အဓိကမြို့ကြီးများတွင် မကြုံ စဖူး ရောဂါကူးစက်မှုများကို ကြုံတွေ့နေရသည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးနှင့် အားဖြည့်ဆေးထိုးနှုန်းနည်းပါးပြီး ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါ ကူးစက်ခြင်းတို့မှ ရရှိသည့် နှစ်မျိုးစပ်ကိုယ်ခံအားစနစ် မရှိချိန်တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်း

လိုက်ပါက လူဦးရေ ၁ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၁ သန်းအကြားသည် အသက်အန္တရာယ်ရှိနိုင်ကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာ့ကျန်းမာရေး ထောက်လှမ်းရေးနှင့် ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒါနွမ်ဂေဘရေယယ်ဆွတ်က ပြင်းထန်သော ကိုဗစ်ရောဂါများ တိုးလာခြင်းနှင့် တရုတ်တွင်ဖြစ်ပွားနေသော အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required