ကိုဗစ်ကြောင့် တရုတ်တွင် စက်ရုံများ ပိတ်ထား

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု လျင်မြန်စွာ ပျံ့နှံ့လာမှုကြောင့် လူအများအပြား နေအိမ်အပြင်ဘက်မထွက်ကြသဖြင့် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ခြောက်ကပ်သွားခဲ့သည်။

အလုပ်သမားများ ဖျားနာခြင်းကြောင့် စက်ရုံများနှင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုကို ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

တင်းကျပ်သော ကိုဗစ် မူဝါဒကို ရုတ်ခြည်း ဖြေလျှော့လိုက်ချိန်တွင် တရုတ်စီးပွားရေးမှာ ကျဆင်းနေပြီးဖြစ်သည်။

ပိတ်ဆို့ကန့်သတ်မှုများကြောင့် နိုဝင်ဘာလတွင် လက်လီရောင်းအားကျဆင်းသွားခဲ့ပြီး အလုပ်လက်မဲ့နှုန်းသည် ၆ လအတွင်း အမြင့်ဆုံး ဖြစ်လာခဲ့သည်။

ဒီဇင်ဘာလ ပထမပတ်များအတွင်း ကားနှင့် အိမ်ရောင်းအား ကျဆင်းသွားခဲ့သည်။ မော်တော်ကားထုတ်လုပ်သူ များက ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကားအစီးရေ ၉၄၆,ဝဝဝ ရောင်းချခဲ့ရပြီး ၂၀၂၁ခုနှစ် ကာလ တူထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်ခရီးသည်တင်ယာဉ်အသင်း၏ မကြာသေးမီ ထုတ်ပြန်ခဲ့သည့် စာရင်း ဇယားများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အိမ်ရောင်းအားသည် ၂၀၂၁ခုနှစ် ကာလတူထက် အကြီးဆုံးမြို့ကြီး ၃၀ တွင် ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်ဘဏ္ဍာရေးအချက်အလက်ပံ့ပိုးသူ Wind က ဖော်ပြခဲ့သည်။

ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့ ပထမအဆင့်မြို့ကြီးများတွင် အိမ်ရောင်းအားသည် ၂၀၂၁ ခုနှစ် ကာလတူအောက် ၅၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း CNN က ဖော်ပြခဲ့သည်။

အလုပ်သမားများ ဖျားနာနေခြင်းနှင့် ကုန်အမှာစာမရှိခြင်းကြောင့် စက်ရုံအများအပြားကို ရက်သတ္တပတ်များစွာ ပိတ်ခဲ့ရကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်အရှေ့ပိုင်းကျန်းစုပြည်နယ်ရှိ ပရိဘောဂစက်ရုံအများအပြားက တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပရန် အချိန်စောစောနှင့် အားလပ်ရက်ကြာကြာယူရန် ဝန်ထမ်းများအား ပြောကြားခဲ့ကြောင်း Caixin က ဒီဇင်ဘာ ၂၆ရက်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required