တရုတ်အပါအဝင် နိုင်ငံအားလုံး ကိုဗစ်အချက်အလက်များ ဝေမျှရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်အပါအဝင် နိုင်ငံအားလုံး ကိုဗစ်အချက်အလက်များ ဝေမျှရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံတွင် တရားဝင်ထုတ်ပြန်သော ဆေးရုံတက်ရောက်ကုသမှုနှင့် သေဆုံးစာရင်းများအပေါ် ကျွမ်းကျင် ပညာရှင်အချို့က မေးခွန်းထုတ်စရာဖြစ်လာချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်အပါအဝင် နိုင်ငံအားလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ဝေမျှရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က အလေးထားပြောကြားလိုက်သည်။

အမေရိကန်သည် ကိုဗစ်နှင့်ပတ်သက်၍ နိုင်ငံအားလုံးကို ကူညီရန် အဆင်သင့်ဖြစ်ကြောင်း ဘလင်ကန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သော်လည်း တရုတ်က အမေရိကန်၏ အကူအညီကို မတောင်းခံခဲ့ပေ။

“တရုတ်အပါအဝင် နိုင်ငံအားလုံးက ကာကွယ်ဆေးထိုးတဲ့လူတွေကို အလေးထားဖို့၊ စမ်းသပ်မှုတွေနဲ့ ကုသမှုတွေလုပ်ပေးဖို့နဲ့ အရေးကြီးဆုံးက တွေ့ကြုံနေရတာတွေကို ကမ္ဘာ့နိုင်ငံတွေနဲ့မျှဝေဖို့ အလွန်အရေးကြီးပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက တရုတ်အတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက်ပါ ဂယက်ရိုက်မှုတွေ ရှိလာ နိုင်လို့ပါ။ ဒါကြောင့် ဖြစ်ပျက်နေတဲ့အရာတွေကို ကျွန်တော်တို့ သိချင်ပါတယ်” ဟု ဘလင်ကန်က ပြောသည်။

အမေရိကန်က တရုတ်ကို မကြာသေးခင်က ကမ်းလှမ်းခဲ့သောအကူအညီနှင့်ပတ်သက်၍ ဘလင်ကန်က အ‌တိအကျပြောရန်ငြင်းဆိုခဲ့ပြီး အမေရိကန်သည် တရုတ်အပါအဝင် တစ်ကမ္ဘာလုံးရှိ ပြည်သူများကို ဆက်လက် ကူညီရန် အဆင်သင့်ဖြစ်နေကြောင်း ပြောသည်။

ဈာပနအခမ်းအနားပြင်ဆင်ပေးသူများက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် နာရေးဝန်ဆောင်မှုများ သိသိသာသာ များပြားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုနေစဉ်မှာ တရုတ်အစိုးရက ၂ ရက်ဆက်တိုက် ကိုဗစ်ကြောင့် သေဆုံးသူ မရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့လိုက်ပြီးချိန်မှစ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကိုဗစ်-၁၉ ဆိုင်ရာဆေးရုံတက်ရောက်ကူသမှုနှင့်ပတ်သက်သော အချက်အလက်များကို တရုတ်ထံမှ မရရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly