ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် လူ‌ပေါင်း ၂ သောင်းကျော် ‌နေရပ်စွန့်ခွာခဲ့ရ

By မဇ္ဈိမ 
03 November 2023
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် လူ‌ပေါင်း ၂ သောင်းကျော် ‌နေရပ်စွန့်ခွာခဲ့ရ

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လားရှိုး ၊ သိန္နီ၊ကွတ်ခိုင် ၊နမ့်ခမ်း ၊ကျောက်မဲ ၊နောင်ချို စတဲ့ မြို့တွေက ဒေသခံ ပြည်သူ ဦးရေ ၂ သောင်းကျော် ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေဟာ သစ်တောတွေနဲ့ ဘာသာရေး အဆောက်အဦးတွေမှာ ခိုလှုံနေရကြရသလို တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေတာဖြစ်ပါတယ်။

လားရှိုးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အလားတူ သိန္နီမြို့နယ်မှာလည်း မြို့ပေါ်နဲ့ ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသော်လည်း ယင်းအရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၃၀၀ကျော်ရှိပြီး ပိတ်မိနေသူတွေလည်းရှိနေပါတယ်။ 

နမ့်ခန်းမြို့မှာလည်း တိုက်ပွဲတွေရှိနေပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖြတ်တောက်ထားလို့  အရပ်သားထိခိုက်မှုနဲ့ စစ်ရှောင်တွေရဲ့ သတင်း အတိအကျ သိရဖို့ ခက်ခဲနေပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ နေရပ်စွန့်ခွာရသူ လူဦးရေများပြားနေမှုကြောင့် စစ်ရှောင်တွေကိုလက်ခံနိုင်ဖို့  နေရာအသစ်တွေထပ်မံလိုအပ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာအကူအညီများလည်း အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

ကုလရဲ့စာရင်းအရတော့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစပြီး ၄ ရက်အကြာ အောက်တိုဘာလ ၃၀ ရက်အထိ ရှမ်းမြောက်မှာ လူပေါင်း ၆,၂၀၀ ကျော် အိုးအိမ်စွန့်ခွါ စစ်ရှောင်ကြရပြီးဖြစ်တယ်လို့ လူသားချင်းစာနာထောက်မှုရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ရာမှာ ပြောထားပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံထဲကို လုံခြုံရေးအတွက် ထွက်ပြေးသွားကြရသူ ရာချီရှိတယ်လို့လည်း ကုလကြေညာချက်က ဆိုပါတယ်။

လောလောဆယ်တော့ စစ်ရှောင်တွေဟာ လက်ခံထားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကိုပဲ အဓိက မှီခို အားကိုးနေရပြီး UNOCHAနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကတော့ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာပြီး လုံခြုံရေးအရ ပိုမို စိတ်ချလာရတာနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိ အချိန်ထိတော့ ပဋိပက္ခ နယ်မြေတွေမှာ တိုးပွားလာတဲ့ စစ်ရှောင်ပြည်သူ အရေအတွက်ကို တိတိကျကျ အတည်ပြုနိုင်ဖို့ ခက်ခဲနေပြီး နောက်ထပ် ထပ်တိုးလာနိုင်ခြေတွေ ရှိနေဆဲလို့ UNOCHAက ခန့်မှန်းထားပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရင်ကတည်းက ရန်ပုံငွေ အကျပ်အတည်း ပြဿနာတွေ ရှိနေခဲ့တဲ့ မြန်မာ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး ကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး ပိုကြီးမားလာကြောင်း UNOCHAက ဆိုပါတယ်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်နေကြရသူပေါင်း ၁.၆ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required