ဘားအံ မဲဘောင်အဆင့်မြင့်စျေးသစ်ဖွင့်သော်လည်း သတ်မှတ်နေရာတွင် လာမရောင်းသူများ အရေးယူမည်ဟု သတိပေး

ဘားအံ မဲဘောင်အဆင့်မြင့်စျေးသစ်ဖွင့်သော်လည်း သတ်မှတ်နေရာတွင် လာမရောင်းသူများ အရေးယူမည်ဟု သတိပေး

ဘားအံ၊ မတ် ၂ ။             ။ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြီးခဲ့သည့် လအတွင်းက ဖွင့်လှစ်ထားသည့် အမှတ်(၂)မဲဘောင် အဆင့်မြင့် စံပြဈေးအတွင်း၌သာ ရောင်းချခွင့်ပြုထားပြီး အခြားနေရာ၌ ဈေးရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူသွားမည်ဟု ဘားအံမြို့ စည်ပင်သာယာရေးကော်မတီမှ ဒု-ဦးစီးမှူး ဒေါ်နန္ဒဇော်ဝင်းက ပြောကြားသည်။

ဈေးဟောင်းနေရာ၌ ဈေးရောင်းချခြင်းသည် လမ်းပိတ်ဆို့ မှုများ ဖြစ်စေခြင်း၊ ရပ်ကွက်အတွင်းညစ်ပတ်စေခြင်း၊ စနစ်တကျမရှိခြင်းတို့ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

စည်ပင်သာယာရေးကော်မတီမှ ကြိုတင်ညွန်ကြားထားသည်ကို လိုက်နာမှုမရှိဘဲ ဈေးဟောင်းနေရာတွင် ဆက်လက်ရောင်းချမည်ဆိုပါက ထိုသူသည် အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရမည်ဟု စည်းပင်သာယာရေးအဖွဲ့ မှ ကြေငြာထားသည်။

“ကျွန်မတို့က သူတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်ကတည်းက ဒီနေရာမှာ ဈေးလာရောင်းပေးဖို့ ကြိုတင်ပြောထားပြီးသာပါ၊ လောလောဆယ် အခက်အခဲတွေ ရှိပေမယ့် နောက်ပိုင်း အဆင်ပြေသွားမှာပါ”ဟု ဒေါ်နန္ဒဇော်ဝင်းက ပြောသည်။

သို့သော် ဈေးသစ်နေရာတွင် ဈေးရောင်းခွန် ၃၀၀၀ ကျပ်၊ ဆိုင်ကယ်အပ်နှံပါက ဆိုင်ကယ်အပ်ခ ၃၀၀ကျပ် ပေးရသည့်အပြင် လာရောက်ဝယ်ယူသူလည်း နည်းပါးသည့်အတွက်   ဈေးသည် အများစုက ဈေးသစ်ကို မပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း ပြောင်းရွှေ့ရန် ကျရှိနေသေးသည် ဈေးသည်များက ပြောသည်။

ဈေးသစ်ကို ဖေဖော်ဝါရီလ ၁၀ရက်က ဖွင့်လှစ်လိုက်သော်လည်း ဆိုင်ကြီးအချို့သာ ပြောင်းရွှေ့သေးပြီး သုံးပုံ နှစ်ပုံခန့်မှာ မပြောင်းရွှေ့သေးသဖြင့် မတ်လ ၂ရက်တွင် စည်ပင်က သတိပေးခြင်းလည်းဖြစ်သည်။

“စည်ပင်က ကျွန်မတို့ဈေးရောင်းသူတွေကို ဈေးသစ်မှာ သွားရောင်းဖို့ ကြိုပြောပြထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဈေးပေမယ့် လာဝယ်တဲ့သူ မရှိတော့ ကျွန်မတို့ နေ့စဉ်အရှုံးနဲ့ချည်းပဲ တိုးနေတော့ အစဉ်မပြေဘူး။ ဒါကြောင့် ဒီနေရာမှာ ညနေပိုင်း ပြန်လာရောင်းရပါတယ်၊ ဒီအတိုင်းကြာရင် အရင်းပါပြုတ်နိုင်တယ်” ဟု ဈေးဟောင်းသို့ ပြန်ရောင်းရသူ တစ်ဦးက ပြောကြားသည်။

အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ဝင်းက “အဆင့်မြင့်ဈေးသစ်ရှိတာတော့ ကောင်းပါတယ်။ အဲ့လောက်အလှမ်းဝေးသွားတော့ ကျွန်မတို့အချိန်မှီ ချက်ပြုတ်နိုင်ဖို့က အခက်အခဲရှိတာပေါ့ ပြောချင်တာက ရပ်ကွက်တစ်ခုမှာ ရပ်ကွက်ဈေးကလေးတော့ ရှိမယ်ဆိုရင် ပိုကောင်းတာပေါ့နော်” ဆိုသည်။

ဘားအံမြို့ အမှတ်(၉)ရပ်ကွက်ရှိ ဝါဆိုဦးလမ်းတွင် ရှိသောဈေးသည် လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကတည်း ပြည်သူများ အသုံးပြုနေသော ဈေးဟောင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required