တရုတ်ကို ပို့ကုန်ထိန်းချုပ်ရေးနည်းလမ်းများဖြင့် ပိတ်ပင်တားမြစ်ရန် အမေရိကန်က ဥရောပသမဂ္ဂကို အကြံပြု

By Business-standard
04 November 2022
တရုတ်ကို ပို့ကုန်ထိန်းချုပ်ရေးနည်းလမ်းများဖြင့် ပိတ်ပင်တားမြစ်ရန် အမေရိကန်က ဥရောပသမဂ္ဂကို အကြံပြု

ရုရှားအား ဒဏ်ခတ်အရေးယူရန် အသုံးပြုနေသော ပို့ကုန်ထိန်းချုပ်ရေးစနစ်မှ အတွေ့အကြုံများရယူပြီး တရုတ်ကို လည်း အလားတူပိတ်ဆို့အရေးယူရန် အမေရိကန်က ဥရောပမဟာမိတ်များနှင့် အကြံပြုလိုက်ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူများက ဆိုသည်။

ဒီဇင်ဘာလ အစောပိုင်းတွင် ပြုလုပ်မည့် အဆင့်မြင့် ကုန်သွယ်မှုဖိုရမ်အတွက် ဥရောပသမဂ္ဂနှင့် အမေရိကန် တာဝန်ရှိသူများက အစီအစဉ်ကို ညှိနှိုင်းနေချိန်တွင် ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

သမ္မတပူတင်က ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားကို ပို့ကုန်ကန့်သတ်ချက်များကို မဟာမိတ်များက ပူးပေါင်းချမှတ်ခဲ့ပြီး အမေရိကန်အစိုးရက တရုတ်သို့ တင်ပို့မှုအပေါ် နှစ်ဘက် ထိန်းချုပ်မှုများ ပိုမိုအားကောင်း စေရေးအတွက် တူညီသော သတင်းအချက်အလက်မျှဝေခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုအချို့ကို အသုံးပြုရေး အတွက် လေ့လာနေကြောင်း အရေးကြီးကိစ္စဖြစ်ခြင်းကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက အမည်မဖော်လိုဘဲ ပြောကြားခဲ့သည်။

ရုရှားနှင့် အခြေအနေမတူသည့်အတွက် ဥရောပသမဂ္ဂက တရုတ်အား အလားတူပြုလုပ်ရေးကို လိုလားမည် မဟုတ်ကြောင်း ၎င်းတို့က ထပ်မံ ပြောကြားခဲ့သော်လည်း တရုတ်က စစ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် အသုံးပြုသည့် ပစ္စည်းများကို ပိတ်ပင်နိုင်သည့် အခွင့်လမ်းရှိနိုင်ကြောင်း တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၃၁ရက်က ပရာ့ဂ်မြို့၌ အလွတ်သဘောတွေ့ဆုံပွဲအတွက် ရောက်ရှိနေသည့် ဥရောပ ကုန်သွယ်ရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းထိုင်းတို့ တွေ့ဆုံသည့် အခါတွင် အဆိုပါအကြောင်းအရာကို ဆွေးနွေးရန် ရှိ၊မရှိကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

“အမေရိကန်က ရုရှားအပေါ် ပို့ကုန် ထိန်းချုပ်မှုတွေကို တရုတ်ကိုပါ ပြုလုပ်ဖို့ စဉ်းစားနေတာမဟုတ်သလို ဥရောပနိုင်ငံတွေကိုပါ လုပ်ခိုင်းနေတာ မဟုတ်ပါဘူး” ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာလိုနီရှာမာက မေးခွန်းများကို တုံ့ပြန်ရာတွင် ဖြေကြားခဲ့သည်။

ပို့ကုန်ထိန်းချုပ်မှုများသည် ရုရှားလက်နက်တိုက်များကို ထိခိုက်စေရန် ပိုမိုထိရောက်သောနည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာနည်းပညာပြိုင်ပွဲတွင် တရုတ်အား နှောင့်နှေးစေရန် အသုံးဝင်နိုင်သည်ဟု ရှုမြင်ကြသည်။

အောက်တိုဘာလအစောပိုင်းတွင် အမေရိကန်အစိုးရသည် တရုတ်ကုမ္ပဏီများထံ စူပါကွန်ပျူတာနှင့် ဉာဏ်ရည် တုအတွက် အသုံးပြုသည့် ချစ်ပ်အချို့ကို အမေရိကန်ကုမ္ပဏီများက တရုတ်သို့ ရောင်းချခြင်းမပြုရန် တားမြစ် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly