ကိုကိုးကျွန်း၌ တပ်မတော် ဆေးရုံရေယာဉ် (သံလွင်) က ကျန်းမာရေးကိစ္စ ဆောင်ရွက်နေ

ကိုကိုးကျွန်း၌ တပ်မတော် ဆေးရုံရေယာဉ် (သံလွင်) က ကျန်းမာရေးကိစ္စ ဆောင်ရွက်နေ
photo credit - တပ်မတော်

ကာချုပ်နှင့် အဖွဲ့က စစ်ဆေး

ဖေဖော်ဝါရီလ ၂၇ ရက် ။            ။ ကိုကိုးကျွန်းဒေသခံများအား တပ်မတော်ပိုင် ဆေးရုံရေယာဉ် (သံလွင်) က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၅ မှစ၍   ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ အထိ သွားဖွားမီးယပ်၊ အရိုး၊ နား-နှာခေါင်း-လည်ချောင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိ ရောဂါနှင့် သွားရောဂါ ဝေဒနာရှင် ဒေသခံ ၂၈၇ ဦးအား ကုသပေးပြီးဖြစ်သည်ဟု တပ်မတော်မှ ထုတ်ပြန်သည်။ ယင်း ဆေးရုံရေယာဉ်ပေါ်၌ လူနာ ၁၈ ဦးကိုလည်း တက်ရောက်ကုသနေသည်ဟုလည်းဆိုသည်။

ဆေးရုံရေယာဉ် (သံလွင်) ပေါ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါလာပြီး ခုတင် ၂၅ လုံးဆံ့ ဆင့်မြင့်ဆေးရုံတစ်ခုနှင့် ညီမျှသည့် CT Scan Room၊ Operation Theatre၊ Major operation Theatre Eye တို့ပြင်၊ လူနာဆောင်၊ မေ့ဆေးစက်၊ အသက်ရှုအားကူစက်များပါဝင်သည့် အထူးကျပ်မတ်ကုသဆောင်လည်းပါဝင်သည်။

ထို့ပြင် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်စက်၊ သွေးအတွင်းရောဂါရှာဖွေရေးစက်များ၊ မျက်စိ-နား-နှာခေါင်း စမ်းသပ်စက်များ၊ အောက်စီဂျင်ထုတ်လုပ်သော အထိုင်စက်နှင့်   ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ ဖျက်စီးရန် စက်များ၊ သားဖွားခန်း တစ်ခန်း၊ ခေတ်မီဓာတ်ခွဲခန်းများနှင့် ဓာတ်လှေကားစနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။

ယင်းဆေးရုံရေယာဉ်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကိုကိုးကျွန်းသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မရောက်မီ ကြိုတင်ရောက်ရှိကုသပေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ ၂၄၂ မိုင်ကွာဝေးသည့် ကိုကိုးကျွန်းရှိ တပ်မတော်က ဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်ဆေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖေဖော်ဝါရီ ၂၆ နေ့က ရောက်ရှိသွားခဲ့သည်။

ဖေဖော်ဝါရီ ၂၆ နံနက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ကိုကိုးကျွန်း လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း တိုးချဲ့ရေး၊ လမ်းဘေးဝဲ-ယာ   ရေနုတ်မြောင်းဖောက်လုပ်မှုနှင့် သွပ်ဆူးကြိုးကာရံမှု အခြေအနေ၊ ကျွန်းမြေများကို ပင်လယ်ဒီရေ တိုက်စားမှုမှ ကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် ကိုကိုးကျွန်း မီတာ ၁ဝဝ သင်္ဘောဆိပ် တည်ဆောက်ခြင်းလုပ်ငန်းတို့ကိုလည်း စစ်ဆေးကြသည်။

နိုင်ငံရေးနှင့် စီးပွားရေးကိစ္စမှလွဲ၍ အခြားမည်သည့်ကန့်သတ်ချက်မျှမထားဘဲ ကိုကိုးကျွန်းနေ တပ်မတော်သား မိသားစုဝင်များ၊ ဒေသခံများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို စီးနင်းသွားလာနိုင်ရန် တပ်မတော် လေယာဉ် ပြေးဆွဲနေသည်မှာ ၂၀၁၄ ခုမှစ၍ ၂၀၁၆ နှစ်ဆန်းအထိ ၅၂ ကြိမ် ရှိခဲ့ပြီဟု သိရသည်။

လေကြောင်းအပြင် တပ်မတော်ရေယာဉ်များဖြင့်လည်း "အခေါက်ပေါင်းများစွာ" သယ်ယူပို့ဆောင်ပေးခဲ့သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ကိုကိုးကျွန်းရှိ တပ်မတော် (ရေ) တပ်စခန်းမှ အရာရှိ၊ စစ်သည်များကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လည်း အဖွဲ့ဝင်များအဖြစ် အတူလိုက်ပါကြသည်။

ကိုကိုးကျွန်းတွင် အဆင့်မြင့် ပင်လယ်သွား တပ်မတော် ဆေးရုံသင်္ဘော (သံလွင်) ဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်မှာ ပထမဆုံး ခရီးစဉ်ဖြစ်သည်ဟု သိရသည်။

ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးသွားရန်လည်း အစီအစဉ်ရှိကြောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required