၂၀၁၇ ဆီးဂိမ်းဘောလုံးပြိုင်ပွဲအား အသက် ၂၃ နှစ်အောက်မှ ၂၂ နှစ်အောက်သို့ ပြောင်းလဲ ကျင်းပမည်

၂၀၁၇ ဆီးဂိမ်းဘောလုံးပြိုင်ပွဲအား အသက် ၂၃ နှစ်အောက်မှ ၂၂ နှစ်အောက်သို့ ပြောင်းလဲ ကျင်းပမည်
ပြီးခဲ့သည့်ဆီးဂိမ်းတွင် ဒုတိယဆုရခဲ့သော မြန်မာယူ-၂၃ ဘောလုံးအသင်း (ဓါတ်ပုံ thethao247.vn)

ဖေဖော်ဝါရီ ၂၆ ၊ ရန်ကုန်။          ။ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသားဘောလုံးပြိုင်ပွဲအား အသက် ၂၃ နှစ်အောက်မှ ၂၂ နှစ်အောက်သို့ ပြောင်းလဲကျင်းပသွားမည် ဟု အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး အဖွဲ့ချုပ်မှ သတ်မှတ်ခဲ့သည်။

အဆိုပါ ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် အားကစားပြိုင်ပွဲအမျိုးအစား ၃၄ မျိုး ပါဝင်ရန် သတ်မှတ်ထားပြီး ပါဝင်မည့်အခြားကစားနည်း များကို ကြေညာရခြင်းမရှိသေးသော်လည်း အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတို့ပါဝင်မည်ဟု ဦးစွာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အသက်ကန့်သတ်ခဲ့ခြင်းမရှိသော်လည်း ၂၀၀၁ ခုနှစ်မှ စတင်ကာ ၁၉၉၆ အိုလံပစ်ပြိုင်ပွဲ၏ အသက်ကန့်သတ်ချက်အတိုင်း ယူ-၂၃ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပြခဲ့ခြင်း ဖြစ်သည်။

ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၀၁ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် စတင်ပြောင်းလဲခဲ့ကာ ၁၄ နှစ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုတွင်လည်း ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ၌ ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားဘောလုံးအသင်းအနေဖြင့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ယူ-၂၃ ပြိုင်ပွဲပြောင်းလဲကျင်းပပြီးနောက် ၂၀၀၇ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံး ထိုင်းအသင်းအား ရှုံးနိမ့်ကာ ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာဘောလုံးအသင်းသည် ဆီးဂိမ်းသမိုင်းတလျောက်တွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ် လေးခု ဆုတံဆိပ်စုစုပေါင်း ၁၃ ခုအထိ ဆွတ်ခူးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required