မလေးရှားတွင် ဌာနပေါင်းစုံပါဝင်သော စီးနင်းမှုအတွင်း ဒေါ်လာသန်းချီ တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့ ဖမ်းဆီး

မလေးရှားတွင် ဌာနပေါင်းစုံပါဝင်သော စီးနင်းမှုအတွင်း ဒေါ်လာသန်းချီ တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့ ဖမ်းဆီး

မလေးရှားနိုင်ငံတွင် ဥပဒေစိုးမိုးရေးဆိုင်ရာ ဌာနပေါင်းစုံ ပူးပေါင်းလုပ်ဆောင်သော စီးနင်းဖမ်းဆီးမှုတစ်ရပ်ပြီးနောက် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ရွှေ နှင့် ငွေသားများအပြင် တန်ဖိုးကြီး ဇိမ်ခံကားများကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည်။စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ထိန်းသိမ်းခံခဲ့ရသည်။

စီးနင်းမှုအတွင်း အာဏာပိုင်တို့ သိမ်းဆည်းရရှိသည့် ငွေသားပမာဏမှာ ရင်းဂစ် ၃၈ သန်း (စင်္ကာပူဒေါ်လာ ၁၁ သန်း) ဖြစ်ပြီး  ရွှေများမှာ အလေးချိန်အားဖြင့် စုစုပေါင်း ၂၀၀ ကီလိုဂရမ်ရှိကာ ရင်းဂစ် သန်း ၆၀ ခန့် တန်ဖိုးရှိကြောင်း သိရသည်။

ထို့ပြင် Maserati ၊ Ferrari နှင့် Mercedes-Benz အပါအဝင် ဇိမ်ခံကား ၁၇ စီးကိုလည်း ဖမ်းဆီးသိမ်းဆည်းခဲ့သည်။

အဆိုပါ စီးနင်းဖမ်းဆီးမှုကို မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC) ဦးဆောင်သော ဌာနပေါင်းစုံ အထူးအဖွဲ့ (MATF) က လုပ်ဆောင်ခြင်း ဖြစ်သည်။

တေးဂီတဖျော်ဖြေပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်သည် ရင်းဂစ် သန်း ၅၀၀ နှင့်ညီမျှသော သံသယဖြစ်ဖွယ် ရန်ပုံငွေကြေးများနှင့် ဆက်နွယ်ပြီး ဖမ်းဆီးခံရသည်ဟု ယုံကြည်ရသည်။

အသက် ၄၂ နှစ်ရှိ အဆိုပါ လုပ်ငန်းရှင်အမျိုးသားနှင့် အခြားလူနှစ်ဦးတို့သည် နိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်များမှ ရငွေများဆိုင်ရာ တိုက်ဖျက်ရေး အက်ဥပဒေ ၂၀၀၁ အောက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်ကို အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။၎င်းသည် အိန္ဒိယ ရုပ်ရှင်နှင့် ဂီတလုပ်ငန်းမှ စူပါစတားများနှင့် အကျော်အမော် အနုပညာရှင်များ ပါဝင်သည့် ဖျော်ဖြေရေး ပွဲအခမ်းအနားများကို မလေးရှားတွင် စီစဉ်ပေးသူဖြစ်ကြောင်း သိရသည်။၎င်းကို အင်္ဂါနေ့က Shah Alam ခရိုင်တရားရုံးသို့ ခေါ်ဆောင်ပြီး ချုပ်မိန့် တစ်ရက်ထားရန် တရားရုံးက ခွင့်ပြုခဲ့သည်။

ယင်းနောက် ၎င်းအား ပူထရာဂျယာရှိ MACC ရုံးချုပ်သို့ ခေါ်ဆောင် စစ်ဆေးခဲ့သည်။“ဟုတ်ပါတယ်၊ သူ့ ကို ပြန်လွှတ်ပေးထားပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ အခြားသံသယရှိသူနှစ်ယောက်လည်း မနက်ဖြန်မှာ ပြန်လွတ်ဖွယ် ရှိပါတယ်” ဟု စုံစမ်းစစ်ဆေးမှုကို သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခု ပူးပေါင်းစီးနင်းမှုကို မလေးရှား ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ အကောက်ခွန် ဌာန၊ ဗဟိုဘဏ်၊ ပြည်တွင်းအကောက်ခွန် ဘုတ်အဖွဲ့နှင့် ဆိုက်ဘာလုံခြုံရေးဌာနတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Malaysian police seize $11m cash, 200kg of gold in multi-agency raid
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly