ဖေဖော်ဝါရီ ၂၄ ။ ။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်း၌ WY စာတန်းပါ စိတ်ကြွဆေးပြား သိန်း ၆၀ ကျော်ကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်း၌ သိမ်းဆည်းရမိကြောင်း သိရသည်။
တာချီလိတ်မြို့ဘက်မှ ဝမ်ပုံဘက်သို့ မောင်းနှင်လာသည့် SKAT ခြောက်ဘီးယာဉ်အမျိုးအစား မော်တော်ယာဉ်အား သဲကျောက်တင်ဆောင်မောင်းနှင်လာစဉ် ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း မြဝတီသတင်းဌာနက ဖော်ပြသည်။
တာချီလိတ်မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃၀) ရဲအုပ် ရဲဝင်းထွန်းဦးစီးသည့်အဖွဲ့နှင့် 'ပါခုတ်ပြည်သူ့စစ်' အဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယင်း 'ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်း' တွင် စစ်ဆေးရှာဖွေကြခြင်းဖြစ်သည်။
အိုက်ကျွမ် မောင်းနှင်ပြီး အိုက်ကစ် လိုက်ပါလာသည့် အဆိုပါ ယာဉ်နောက်ခန်းတွင် တင်ဆောင်လာသည့် သဲကျောက် များအောက်ရှိ ကြမ်းခင်း၌ ပြုလုပ်ထားသော နှစ်ထပ်အံဝှက်အတွင်းမှ စိတ်ကြွဆေးများထည့်ထားသော အစိမ်းရောင် ကျော်ပိုးအိတ် ၃၅ လုံးအား တွေ့ရှိခြင်းဖြစ်သည်။
ကျော်ပိုးအိတ်တစ်လုံးလျှင် စိတ်ကြွဆေးပြား ၆၀၀၀ စီပါ အထုပ် ၃၀ ပါပြီး၊ စုစုပေါင်း ဆေးပြား ၁၈၀၀၀၀ ခန့်ဖြစ်သဖြင့် ကျောပိုးအိတ်ပေါင်း ၃၅ လုံး စုစုပေါင်း စိတ်ကြွ ဆေးပြား ၆၃,၀၀,၀၀၀၊ အလေးချိန်အားဖြင့် ၆၃၀ ကီလိုဂရမ်ခန့်ဖြစ်သည်။ မူးယစ်ဆေးများနှင့်အတူ မိုဘိုင်းဖုန်းငါးလုံးလည်း သိမ်းဆည်းရမိသည်။
ကာလတန်ဘိုးကို မြဝတီသတင်းတွင် ဖော်ပြသည်ကို မတွေ့ရသော်လည်း တာချီလိတ်သတင်းဌာနကမူ ကာလတန်ဖိုး ကျပ် သန်းပေါင်း ၁၅၇၅၀ ရှိသည်ဟု ဖော်ပြထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အိုက်ကျွမ် နှင့် အိုက်ကစ် တို့နှစ်ဦးအား ဝမ်ပုံနယ်မြေရဲစခန်းက မယ (ပ)၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်ဟုဆိုသည်။