မန္တလေးတွင် POPY မုန့်အမျိုးမျိုးထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်ဆန္ဒပြ

မန္တလေးတွင် POPY မုန့်အမျိုးမျိုးထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်ဆန္ဒပြ

မန္တလေး၊ဖေဖော်ဝါရီ ၂၄ ။             ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်အနီးရှိ POPY မုန့်အမျိုးမျိုးထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်တို့သည် အလုပ်သမား အခွင့်အရေးများချိုးဖောက်ခံနေရသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၄ ရက်၊နံနက် ၈ နာရီ ၂၀ မှစတင်၍ ဆန္ဒပြနေကြောင်း သိရသည်။

ဆန္ဒပြလုပ်သားများသည် တနင်္ဂနွေ အလုပ်ပိတ်ရက်ရရှိလိုခြင်း၊ တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်လိုခြင်း၊ရှောင်တစ်ခင်ခွင့် ရရှိလိုခြင်း၊ဆေးခွင့်ရရှိလိုခြင်း၊အချိန်ပို ခိုင်းစေရာတွင် OT ကြေး ရရှိလိုခြင်း၊တစ်ရက်လုပ်ခလစာ ၃၆၀၀ ကျပ်ရရှိလိုခြင်း၊လူမှုဖူလုံရေးကဒ်ပြားရရှိလိုခြင်း စသည့်အချက်များကို တောင်းဆိုနေခြင်းဖြစ်သည်။

POPY မုန့်မျိုးစုံထုတ်စက်ရုံမှ အလုပ်သမားကြီးကြပ်ရေးမှူး မိုင်းကြင်ကြင်အောင် က "ကျွန်မတို့ရပိုင်ခွင့်တွေကို မရမခြင်းတောင်းမယ်။ကျွန်မတို့အလုပ်သမားတွေကို ဘာအခွင့်ရေးမှမပေးဘူး။ ရပိုင်ခွင့်လည်းမရှိဘူး။ ဖျားရင်တောင်နားလို့မရဘူး။ဒါကြောင့် ဒီနေ့မခံနိုင်တော့လို့ စက်ရုံရှေ့ပိတ်ပြီး ဆန္ဒပြတာပဲ။"ဟု ပြောသည်။

အဆိုပါတောင်းဆိုဆန္ဒပြနေမှုအား လာရောက်ကူညီပေးနေသည့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ကိုသက်နှင်းအောင်က "တောင်းဆို တာတွေက လိုက်လျောရမှာ ၊ ဘာဖြစ်လို့လဲဆိုတော့ အခုတောင်းနေတာတွေက သူ့တို့ရပိုင်ခွင့်တွေပဲ။ကျွန်တော်တို့ သိသလောက် စက်ရုံဘက်က ဘာမှလုပ်ပေးခဲ့တာမရှိဘူး။ ကျွန်တော်တို့ပြေလည်အောင် ဆောင်ရွက်ပေးမှာပါ။"ဟု ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊အလုပ်သမားညှိုနှိုင်းဖြန်ဖြေရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ထိုသို့ဆန္ဒပြတောင်းဆိုနေခြင်းကို မသိသေးကြောင်း ဆိုသည်။

အလုပ်သမားများဆန္ဒပြတောင်းဆိုနေခြင်းနှင့်ပတ်သက်၍ စက်ရုံမန်နေဂျာ ဒေါ်အေးမော်မော်ငြိမ်းကို မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စက်ရုံလုပ်သားများသည် တောင်းဆိုမှုများမရမခြင်း စက်ရုံရှေ့ပိတ်၍ ဆန္ဒပြသွားမည်ဟု ဦးဆောင်သူများ ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required