အမေရိကန်၊ အင်ဒိုနီးရှားနှင့် သြစတြေးလျတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

By CSM Times
16 August 2022
အမေရိကန်၊ အင်ဒိုနီးရှားနှင့် သြစတြေးလျတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်က အင်ဒို-ပစိဖိတ်ဒေသ ရေပိုင်နက်တွင် လှုပ်ရှားမှုများ တိုးမြှင့် လုပ်ဆောင်လာချိန်တွင် အမေရိကန်၊ အင်ဒိုနီး ရှားနှင့် သြစတြေးလျမှ တပ်ဖွဲ့များက ဆူမားတြားကျွန်းတွင် နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လက်တွေ့ပစ်ခတ်လေ့ကျင့်မှုကို သြဂုတ် ၁၂ရက်က ပြုလုပ်ခဲ့ကြသည်။

အမေရိကန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဂျပန်နှင့် စင်ကာပူမှ စစ်သား ၅၀ဝဝ ကျော်သည် Super Garuda Shield ဟု အမည်ပေးထားသည့် ယခုနှစ် လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြပြီး ၂၀ဝ၉ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လေ့ကျင့်မှုလည်း ဖြစ်သည်။  

ယခုကဲ့သို့ အင်အားတိုးမြှင့် လုပ်ဆောင်ခဲ့သည့် လေ့ကျင့်မှုများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားသည်။ ဒေသတွင်းတွင် တရုတ်၏ စစ်ရေး နှင့် သံတမန်ရေးသြဇာလွှမ်းမိုးမှု ကြီးထွားလာမှုကို ကန့်သတ်ရန် နေတိုးနှင့် အလားတူ အင်ဒို-ပစိဖိတ် မဟာမိတ်ကို တည်ဆောက်နေသည်ဟု တရုတ်အစိုးရ မီဒီယာများက စွပ်စွဲထားသည်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီနှင့် အရှေ့တီမော တို့ကလည်း သြဂုတ်လအစောပိုင်းတွင် စတင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုကို လေ့လာသူများ စေလွှတ်ခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးပိုင်ဆိုင်ကြောင်း အခိုင်အမာရန်လိုပြောကြားလာခြင်းနှင့် ကိုယ်ပိုင်အုပ် ချုပ်နေသည့် ထိုင်ဝမ်ကို ခြိမ်းခြောက်သည့် စစ်ရေးလေ့ကျင့်မှုကို တရုတ်က ပိုမိုပြုလုပ်လာချိန်တွင် လေ့ကျင့်မှု တွင် နိုင်ငံ ၁၄ နိုင်ငံပါဝင်ခြင်းက ယင်းတို့၏ ခိုင်မာသည့် ဆက်ဆံရေးကို ဖော်ပြနေသည်ဟု အမေရိကန်အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်စီအကွီနိုက ပြောကြားခဲ့သည်။
 
“ထိုင်ဝမ်ကို ခြိမ်းခြောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အရေးယူမှုတွေပြုလုပ်နေတဲ့ တရုတ်ရဲ့ မတည်မငြိမ် ဖြစ် စေမယ့် လုပ်ရပ်တွေက ကျွန်တော်တို့ ရှောင်ရှားဖို့ ကြိုးစားနေတဲ့အရာတွေပါပဲ” ဟု တောင်ဆူမတြားပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် တာတူရာဂျာ၌ အင်ဒိုနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါကာဆာနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ 

"လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးအတွက် မိမိတို့က ဆက်လက်ကူညီမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကို တုံ့ပြန်ရန် လိုအပ်သည့်အခါ အသင့်ရှိနေပါမည်" ဟု ဂျွန်စီအကွီနိုက ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနှင့် တရုတ်တို့သည် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို နှစ်သက်ကြ သော်လည်း တောင်တရုတ်ပင်လယ်ရှိ ယင်း၏ သီးသန့်စီးပွားရေးဇုန်တွင် တရုတ်က ကျူးကျော် ဝင်ရောက် လာမှုအပေါ် စိုးရိမ်ကြောင်း ဂျကာတာက ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly