တရုတ်က TikTok ကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုနိုင်သဖြင့် လုံးဝတားမြစ်သင့်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

By Fox News
17 March 2023
  တရုတ်က TikTok ကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုနိုင်သဖြင့် လုံးဝတားမြစ်သင့်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

တရုတ်လူမှုမီဒီယာအက်ပလီကေးရှင်း TikTok က တရုတ်အတွက် ဝါဒဖြန့်ပေးကာ အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များခိုးယူနိုင်သဖြင့် လုံးဝပိတ်ပင်ထားသင့်သည်ဟု အထက်လွှတ်တော်အမတ် မတ်ခ်ဝါနာက မတ်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဝါနာက  နှစ်နိုင်ငံသည် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းကြောင့် တရုတ်နှင့် ဆက်ဆံရေးအတွက် အမေရိကန်က သတိထားသင့်ကြောင်း ABC သတင်းဌာန၏ " This Week" အစီအစဉ်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတော်လုံခြုံရေးက သေနတ်တွေ၊ သင်္ဘောတွေ၊ တင့်ကားတွေတင် မကပါဘူး။ ဒါက နည်းပညာ ပြိုင်ဆိုင် မှုပါ။” ဟု ဝါနာက ဆိုသည်။ 
ဗာဂျီးနီးယားအထက်လွှတ်တော်အမတ်က အမေရိကန်လူမျိုးသန်း ၁၀ဝ သည် တစ်နေ့လျှင် ပျမ်းမျှ မိနစ် ၉၀ TikTok ကိုအသုံးပြုကြပြီး TikTok က မည်သို့ပင် ဖြေရှင်းချက်ပေးစေကာမူ ၎င်းတို့၏ အချက်အလက်များသည် တရုတ်လက်ထဲ ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

"TikTok ကို တရုတ်ကွန်မြူနစ်ပါတီအတွက် ဝါဒဖြန့်ချိရေး လက်နက်များအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာပါ။" ဟု ဝါနာက ပြောကြားခဲ့သည်။ 

တရုတ်ကုမ္ပဏီ ByteDance ပိုင်ဆိုင်သည့် အက်ပလီကေးရှင်းအား အမေရိကန်တွင် လုံးဝပိတ်ပင်သင့်သည် ဟု ယုံကြည်သော်လည်း အနာဂတ်တွင် နိုင်ငံခြားနည်းပညာများ ပိုမိုထွက်ပေါ်လာမည်ဖြစ်ခြင်းကြောင့် ယင်းတစ်ခုထဲကို ရွေးပြော၍ မရကြောင်း ဝါနာက ပြောကြားခဲ့သည်။

"အရင်ကတော့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ၊ ဒီနေ့ ခေတ်မှာ TikTok ၊ နောင်လဲ တခြား နည်းပညာဆိုင်ရာ အက်ပ်တွေ ရှိလာမှာဖြစ်လို့ ကျွန်တော်တို့ အက်ပလီကေးရှင်းတစ်ခုတည်းကို ရိုးရိုးရှင်းရှင်း ပိတ်ဆို့တာမျိုး မဟုတ်ဘဲ စည်းကမ်းအခြေခံတဲ့ ချဉ်းကပ်မှုတစ်ခု လိုအပ်ပါတယ်" ဟု ဝါနာက ဆိုသည်။
TikTok က သုံးစွဲသူများ၏ အချက်အလက်များကို တရုတ်အစိုးရထံ မပေးကြောင်း အနောက်နိုင်ငံများက ယုံကြည်လာစေရန် စည်းရုံးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

သမ္မတဘိုင်ဒင်အတွက် ၂၀၂၀ ပြည့်နှစ်က မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပေးခဲ့သည့် ကော်ပိုရိတ်နှင့် နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ SKDK ကို TikTok က မကြာသေးမီက ငှားရမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required