ရွှေသောင်ယံကမ်းခြေတွင် အသက်မပြည့်သူ ၃ ဦးအပါအဝင် ရိုဟင်ဂျာ ၁၄ ဦး၏ရုပ်အလောင်းများတွေ့ရှိ

ရွှေသောင်ယံကမ်းခြေတွင် အသက်မပြည့်သူ ၃ ဦးအပါအဝင် ရိုဟင်ဂျာ ၁၄ ဦး၏ရုပ်အလောင်းများတွေ့ရှိ

မေ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေဒေသတွင် အသက်မပြည့်သူ သုံးဦး၏ အလောင်းအပါအဝင် ရိုဟင်ဂျာ ၁၄ ဦး၏အလောင်းများကို မေလ ၂၂ ရက် နေ့လယ်ပိုင်းက တွေ့ခဲ့သည်ဟု ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးထံက သိရသည်။

ရွှေသောင်ယံမြို့၊ အုန်းတောအရပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူအားလုံးမှာ အမျိုးသမီးများဖြစ်ကြောင်း၊ အသက်ရှင်သူ ၃၅ ဦးပါရှိလာကြောင်း ကြက်ခြေနီအဖွဲ့ဝင်ကပြောသည်။

"မုန်တိုင်းကြောင့် သင်္ဘောဗိုက်ပေါက်ပြီးရောက်လာကြတာပါဗျ၊ အသက်ရှင်ကျန်တဲ့ လူတွေကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေချည်းပဲ၊ သူတို့ကို(ရိုဟင်ဂျာများ)လိုက်ပို့တဲ့ ပွဲစားနှစ်ယောက်ရဲ့ ပြောပုံအရဆိုရင် ခြောက်ယောက်ပျောက်နေတယ်လို့လည်းသိရတယ်၊ဘယ်သူတွေလဲ ဘယ်ကလာကြတာလဲဆိုတာတော့ သက်ဆိုင်ရာတွေက စစ်ဆေးနေကြတုန်းပဲ"ဟု၎င်းကဆိုသည်။

သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား အစ္စလာမ်ဘာသာရေး အကြီးအကဲများက ရွှေသောင်ယံသင်္ချိုင်းတွင် မေလ ၂၂ ရက်နေ့ ညနေပိုင်းက သင်္ဂြိုဟ်ပေးခဲ့သည်ဟု ကြက်ခြေနီအဖွဲ့ဝင်ကဆက်လက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေအား ဆက်သွယ်မေးမြန်းရာ အထောက်အထားမဲ့ ရိုဟင်ဂျာများကို ဥပဒေအရ အရေးယူရန်ဆောင်ရွက်နေသော်လည်း မည်သည့် နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိကြောင်း မဇ္ဈိမကိုပြောသည်။

#Mizzima

#ဧရာဝတီတိုင်း

#ပုသိမ်မြို့နယ်

#ရွှေသောင်ယံကမ်းခြေ

#ရုပ်အလောင်းများတွေ့ရှိ

#ကြက်ခြေနီအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required