၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် ကစားသမားဘဝမှ အနားယူမည်ဟု ဘတ်ဖွန်ကြေညာ

၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် ကစားသမားဘဝမှ အနားယူမည်ဟု ဘတ်ဖွန်ကြေညာ

တူရင်၊ ဇန်နဝါရီ ၂၆ ။            ။ ဂျူဗင်တပ်စ်အသင်းနှင့် အီတလီလက်ရွေးစင်အသင်းတို့၏ ဝါရင့် ဂိုးသမားကြီး ဘတ်ဖွန်က လာမည့် ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘောလုံးလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘတ်ဖွန်သည် အီတလီလက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေဖလားကို ခြောက်ကြိမ် ရရှိပြီးဖြစ်သည့် အောင်မြင်သော ဂိုးသမားတစ်ဦးဖြစ်သည်။

'လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရအောင် ကြိုးစားသွားမှာပါ။ အဲ့ဒီပြိုင်ပွဲပြီးရင်တော့ တံခါးတွေပိတ်ကောင်းပိတ်သွားပါလိ့မ်မယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြီးရင် ကစားသမားဘဝက အနားယူဖို့ သေချာ သလောက် ရှိပါတယ်' ဟု ဘတ်ဖွန်က ပြောသည်။

ထို့အပြင် ဘတ်ဖွန်က လက်ရှိ ဂျူဗင်တပ်စ်အသင်း၏ ပုံစံနှင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ချီးကျူးပြောဆိုခဲ့သည်။ ပြီးခဲ့သည့်အပတ်က ရိုးမားအသင်းကို အနိုင်ရရှိခြင်းသည် ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေတွင် ၁၁ ပွဲဆက်တိုက်အနိုင်ရရှိခြင်း ဖြစ်သည်။

'လက်ရှိမှာ ကျွန်တော်တို့အသင်းက ပုံမှန်မဟုတ်တဲ့ ကာလတစ်ခုကို ဖြတ်ကျော်နေတာပါ။ အမြင့်ဆုံး စိတ်ဓာတ်နဲ့ ကြံ့ခိုင်မှု မရှိဘူးဆိုရင် ဒီလို ၁၁ ပွဲဆက်တိုက် အနိုင်ရမှာ မဟုတ်ပါဘူး။

ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ ရာသီက ပါလာမိုနဲ့အတူ အကောင်းဆုံးကစားပြခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗီလိုအသင်းမျိုးမှာ အဲ့ဒီလိုထပ်လုပ်ပြဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ သူဟာ အသင်းမှာ အလျှင်အမြန်ပဲ အထိုင်ကျခဲ့ပါတယ်' ဟု ချီးကျူးပြောဆိုခဲ့သည်။

ရည်ညွှန်း - ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required