ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း

By ရိုဇာ
30 March 2022
ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း

မတ် ၃၀

“လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။

ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။

ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။

ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ့ကို လက်လှမ်းပြလိုက်သည့်အခါ အထုပ်လေးပိုက်ပြီး ရောက်လာသည်။ လှည်းတန်းစင်တာအရှေ့တွင်ပင် ငွေစက္ကူအတုထည့်ထားသည့် လွယ်အိတ်ကို သူဖွင့်ချလိုက်ပြီး ငွေတွေကို ချက်ချင်းလှမ်းပေးသည်။ ပြီးတော့လည်း စကားစမည်ပင် စိတ်အေးလက်အေးထပ်ပြောနေသေးသည်။

လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာတွင် ငွေစက္ကူအတုရောင်းဝယ်သူများ၏အကောင့်များအပြင်ဂရုများပါ ထွက်ပေါ်လာခဲ့သလို ငွေစက္ကူအတုရောင်းဝယ်သူများက အိမ်အရောက်ငွေချေ ၊ လူတွေ့ငွေချေနှင့် ငွေကြိုလွှဲ ကားဂိတ်တင်ပေးသည့်ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြသည်ဟု ပြောဆို ရောင်းဝယ်ကြသည်။

“အွန်လိုင်းပေါ် ပေါ်တင်ရောင်းနေတဲ့ ငွေအတုရောင်းဝယ်ရေးပါ။ ပေါ်တင်ရောင်းတာဖြစ်ပါတယ်။ မြန်မာငွေအတုရောင်းဝယ်ရေး အရောင်းအဝယ်အလဲအထပ် လိုအပ်သူများ စီဘီကို ဆက်သွယ်နိုင်ပါတယ်”ဟု ရွေကမ္ဘာနန်းဆန်သူဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်တစ်ခုက ရေးသားထားတာကို တွေ့ရသည်။

ထို့အပြင် Shar Khat ဆိုသည့်နာမည်ဖြင့် ဖေ့ဘွတ်စ်အကောင့်တစ်ခုကလည်း “အရည်အသွေးပေါ်မူတည်ပြီး ငွေအဆကွဲပါတယ်။ အိမ်အရောက် ငွေချေရလား၊ မမေးပါနဲ့ လုံးဝမရပါဘူး။ ဝယ်သူပဲ လိမ်ခံထိတာမဟုတ်ပါဘူး ။ ညီမတို့ရောင်းတဲ့သူတွေလည်း အလိမ်ခံရတာတွေ ရှိပါတယ်။ Face to Face ရလားဆိုပြီး တချို့က မေးပါတယ်။ တရားဝင် အလုပ်မဟုတ်တဲ့အတွက် Face to Face ရောင်းပေးဖို့ ခက်ခဲပါတယ်”ဟု ရေးသားသည်ကိုလည်း တွေ့ရသည်။

ငွေစက္ကူအတုရောင်းဝယ်သူများက ငွေအစစ်တစ်ဆ၊ ငွေအတုဆယ်ဆ ရောင်းဝယ်မှုရှိသလို ခြောက်ဆ တစ်ဆနှင့် နှစ်ဆ တစ်ဆ ရောင်းသည်ဟု ကြေညာကြသည်။

ကိုစိုးနိုင်ကတော့ ငွေစက္ကူအတုနှင့်အစစ်ကို နှစ်ဆ တစ်ဆ ရောင်းဝယ်သူဖြစ်သည်။

သူကိုယ်တိုင်ကတော့ မြဝတီဘက်နှင့် ရှမ်းပြည်ဘက်မှမှာယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆယ်ဆ ပေးတာတွေက အရည်အသွေးမကောင်းဘူး။ ကိုယ်က အတုကိုင်တာကို အရည်အသွေးမကောင်းတာ ကိုင်ထားရင် တခြားလူကို ပြရောင်းလို့တောင် မရတော့ဘူး။ ငါ့ဆီမှာတောင် အဲ့လို အရည်အသွေးမကောင်းတာ ခုနှစ်သိန်းဖိုးလောက်ရှိတယ်။ ငါတောင် အဲ့ဒါတွေဝယ်ထားပြီး ပိုက်မိသွားတာ ။ တကယ်လို့ လိုချင်ရင် ငါးဆ ခုနှစ်ဆတောင်ပေးလိုက်လို့ရတယ်” ဟု သူက ပြောသည်။

သို့သော် သူ၏ ငွေစက္ကူအတုများကို တစ်ရွက်ချင်းသုံးမည်ဆိုပါက အခြေအနေကိုကြည့်ပြီး သုံးဖို့လိုအပ်ကြောင်းလည်း သတိပေးလိုက်သည်။

ကိုစိုးနိုင်ဆီက ဝယ်ယူနေသူအများစုမှာ အုတ်သဲကျောက်ဒိုင်များ၊ ချဲဒိုင်နှင့် ကုန်စုံဆိုင်များဖြစ်သည်ဟုဆိုသည်။ သို့သော် သူပြောကြားချက်အပေါ် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

“ သူတို့က ညှပ်ထည့်ပြီးသုံးတာလေ။ တစ်သောင်းတန် အကြီးပုံစံကော အသေးပုံစံကောကို။ မနက်ဖြန်တောင် အုတ်သဲကျောက်ဒိုင်က ခုနှစ်သိန်းဖိုး ငါ့ဆီက လာယူလိမ့်မယ် ။ သူတို့က ညှပ်ထည့်သုံးတာမို့ အဆင်ပြေတယ်။ တစ်ရွက်ချင်းကျတော့ ကိုယ်က ခေါင်းနည်းနည်းသုံးရတာပေါ့” ဟုဆိုသည်။

ကိုစိုးနိုင်ဆီက ဝယ်ယူလာသည့်ငွေစက္ကူအတုများကို အသက်ကြီးပိုင်းအရွယ်တစ်ချို့ကို ပေးကြည့်သည့်အခါ ငွေစက္ကူအတုမှန်း မသိရှိကြတာကိုတွေ့ရသော်လည်း လူလတ်ပိုင်းများကကတော့ ငွေအတုကို မြင်တာနှင့်ချက်ချင်းတန်းသိကြနေကြသည်။

“ အတုတွေပေါ်တယ်ဆိုတာကို ကြားပြီးကတည်းက ပိုက်ဆံအစစ်တွေအကုန်လုံးကို အတုတွေထင်ပြီး လိုက်ကြည့်နေမိတော့တာပေါ့။တကယ် အခု အတုလည်းတွေ့ကော ငွေအစစ်နဲ့အရမ်းကွာမှန်းသိတော့တာ။ အတုက အရမ်းအသိသာကြီးပဲ ကိုင်ကြည့်စရာတောင် မလိုဘူး။ မြင်တာနဲ့တန်းသိတယ် ။ ကာလာက အရမ်းတောက်တောက်ကြီး ။ အတုနဲ့အစစ်က အရမ်းကွာတာဆိုတော့ သိပ်တော့ကြောက်စရာမရှိပါဘူး”လို့ မနွယ်နွယ်ဝင်းက ယင်းငွေစက္ကူအတုများကို မျက်မြင်တွေ့ရချိန်မှာ ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ငွေစက္ကူအတုများသည် တစ်ထောင်တန် ၊ ငါးထောင်တန် နှင့်တစ်သောင်းတန်များတွေ့ရပြီး တစ်ထောင်တန်ကတော့အမှတ်တမဲ့ကြည့်ပါက ငွေအစစ်နှင့်ဆင်တူသည့်ပုံစံ ရှိနေသည်ကို တွေ့ရသည်။ တစ်သောင်းတန်အတုက ငွေအစစ်ထက် အရောင်ပိုတောက်ကာ တစ်ချို့အတုက CBM တံဆိပ်မပါသလို တချို့ငွေအတုမှာတော့ CBM တံဆိပ် ခပ်မှိန်မှိန်လေးပါနေသည်။ ထို့အပြင် ၁၀၀၀၀ ဆိုသည့်ဂဏန်းများတွင် ရောင်ပြေးလေးမပါသလို ငွေအတုကို မီးထိုးကြည့်သည့်အခါ ကြာဖူးပုံစံလေး မပါနေသည်ကိုလည်းတွေ့ရသည်။ ငွေစက္ကူအတု၏အသားမှာ ပြောင်ချောနေသည်။ ငွေစက္ကူအတုတိုင်းမှာ တူညီသည့်အချက်တစ်ခုမှာ ရေနှင့်ထိလျှင် အရောင်ပြယ်လွင့်ခြင်းဖြစ်သည်။

ယခုကဲ့သို့အရောင်ပြယ်လွင့်သည့်အကြောင်းကိုလည်း ငွေစက္ကူအတုရောင်းဝယ်သူ ကိုစိုးနိုင်က ဝန်ခံထားပြီးတော့ ရေနှင့်လုံးဝမထိစေရန် အထပ်ထပ်မှာကြားသည်။

ငွေစက္ကူအတုဝယ်ထားမိသူတစ်ဦးက ငွေတုပုံစံကို လက်ထဲတကယ်မြင်ရချိန်တွင် ထုတ်သုံးရန် မလွယ်ကြောင်းပြောသည်။

“ ဓာတ်ပုံရိုက်ပြတော့ ပုံစံက တော်တော်တူသလိုလိုဖြစ်နေတာ ။တကယ်လက်ထဲရောက်တော့ တော်တော်အကွာကြီးဖြစ်နေတာမို့ အပြင်ထုတ်မသုံးရဲဘူး။ ကိုယ်က ငွေအများကြီး ညှပ်သုံးဖို့လဲ မလွယ်တာမို့ ပြန်ရောင်းနေရတယ်”ဟုငွေစက္ကူအတု ဝယ်ယူခဲ့သူတစ်ဦးက ဆိုသည်။

ငွေတုရောင်းဝယ်ရေးလုပ်ငန်းဟု နာမည်တပ်ထားသည့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် “ ခေတ်ပျက်ကြီးမှာ သုံးရဲရင် မင်းအတွက်ကြီးပါပဲ ။ အတုနဲ့လုံးဝမတူလို့ သုံးစွဲရလွယ်ကူပါတယ်” လို့ ကြေညာပြီးရောင်းနေလေသည်။

ကိုစိုးနိုင်ကလည်း ငွေစက္ကူအတုများကို လူအများကြားအလွယ်တကူထုတ်သုံးရန် မလွယ်ကြောင်းဝန်ခံသည့်အပြင် ဝယ်ယူလိုသည်ဟုကမ်းလှမ်းလာသူအချို့က အပြင်တွင်အမှန်တကယ်တွေ့ရသည့်အခါမဝယ်ဘဲပြန်လှည့်ကုန်သည်ဟုဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ငွေစက္ကူအတုရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးမှုများလုပ်နေကြောင်းနှင့်ပြ ည်ထဲရေးနှင့် ပေါင်းပြီး ထိန်းချုပ်တားဆီးဖို့ကို လုပ်နေကြောင်း ဖေဖော်ဝါရီလက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင်ပြောကြားထားသည်။

သို့သော် လူမှုကွန်ရက်တွင် ငွေအတုရောင်းသည်ဆိုသော ကြော်ငြာများ အတွေ့ရများနေခြင်းနှင့်ကို စိုးနိုင်ကဲ့သို့ ရန်ကုန်မြို့ထဲ ငွေစက္ကူအတုတွေပိုက်ပြီး လိုက်ရောင်းနေသူကို မြင်နေရခြင်းသည် စစ်အစိုးရ၏ ငွေတုနှင့်ပတ်သက်၍ ကိုင်တွယ်နိုင်စွမ်းကို သံသယဖြစ်စေသည်။

ငွေစက္ကူအတုသတင်းများက လူအများတွင် စိုးရိမ်စိတ်ဖြစ်လာစေခဲ့သည်။

“ အစ်မတို့လို သမာအာဇီဝနဲ့ ပင်ပန်းပြီးရှာတဲ့သူတွေအတွက်က ပိုက်ဆံက အရမ်းတန်ဖိုးရှိတာပဲလေ။ ကိုယ့်ဆီရောက်မှ အတုညှပ်ပါလာတာဖြစ်မှာစိုးရတယ်။ တစ်သောင်းဆိုတဲ့ ပမာဏက များတဲ့သဘောရောက်တယ်လေ။ အခုဆို အမြဲတမ်း တစ်သောင်းတန်ရရင် အတုလား ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ဖြစ်ပါ့မလားနဲ့ စိုးရိမ်စိတ်တွေ အရမ်းဖြစ်တယ်။ အစစ်ကိုင်မိတာတောင် အတုဖြစ်နေမလားဆိုပြီး ဟိုစစ်ဒီစစ်နဲ့ပေါ့”ဟု သာကေတမြို့နယ်အတွင်းရှိ စျေးသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသော ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို မတ်လ ၂၂ရက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ငွေတုကိစ္စမှာ "ကောလာဟလ" သာဖြစ်သည်ဆိုကာ ပယ်ချခဲ့၍ အသေးစိတ်ဖြေရန်ငြင်းဆိုခဲ့သည်။

ကိုစိုးနိုင်သည် လူမှုကွန်ရက်တွင် အကောင့်အမျိုးမျိုးသုံး၍ ငွေတုရောင်းနေသူဖြစ်ကာ သူနှင့်ချိတ်ဆက်ရန် လူအချို့ကို အကျိုးဆောင်အဖြစ်ထားရှိနေသည်။

ငွေစက္ကူအတုများ အရောင်းအဝယ်ဖြစ်ပေါ်နေခြင်းကို စစ်ကောင်စီလက်အောက်ခံ သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ရက်ကပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် “ပြည်သူလူထုအနေနဲ့ အဲ့ကောလာဟလအပေါ်မှာ စိုးရိမ်ပူပန်မှု မဖြစ်ရန် အသိပေးလိုပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတုတွေရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ငွေစက္ကူအစစ်တွေကို ဓာတ်ပုံရိုက်ပြီး ပေစ့်မှာလိမ်လည်ဖော်ပြခြင်းနဲ့ ပုံအဟောင်းတွေ ကူးယူပြီး ဖော်ပြထားတာတွေကိုလည်းတွေ့ရပါတယ်။ အင်တာနက်စာမျက်နှာများပေါ်မှာငွေစက္ကူအတုများ ရောင်းချတယ်ဆိုပြီး အရောင်းအဝယ်ပြုလုပ်တာမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ယုံကြည်အောင်ပြောဆိုကာ ကြိုတင်လွှဲပို့တဲ့ငွေတွေကို လိမ်လည်ရယူနေတာတွေကိုလည်း တွေ့ရပါတယ်။ ငွေသုံးသောင်း စရံတောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ်မရဘဲ ဖုန်းပိတ်ထားတာတွေ အကောင့်ဖျက်ပြီး ပြေးတာမျိုးတွေ လုပ်ဆောင်ကြတာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။ နောက်တစ်ခုကတော့ ငွေစက္ကူအတုတွေ ဘယ်နေရာမှာချထားမယ် သွားယူပါဆိုတဲ့ ငွေကြိုလွှဲခိုင်းပြီးမှ လိမ်သွားတာကိုလည်း စုံစမ်းတွေ့ရှိရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ်တွင် ငွေစက္ကူအတုရောင်းဝယ်မှုသည် ၂၅ ကြိမ်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် လေးဆကျော်တိုးတက်လာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း ငွေစက္ကူအတုနှင့်ပတ်သက်ပြီး အွန်လိုင်းလိမ်လည်မှု ခုနှစ်မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ငွေစက္ကူအတုရောင်းဝယ်နေသည့် ကိုစိုးနိုင်ကတော့ သူ့ထံမှ ငွေစက္ကူအတုများဝယ်ပြီး သူ့လိုရောင်းဝယ်သူတစ်ဦးလုပ်ဆောင်ရန်ပင် တိုက်တွန်းနေတော့သည်။

“ဒီခေတ်ကြီးထဲမှာရိုးနေလို့မရဘူး။ သူများမျက်ရည်ပေါက် ကြီးငယ်မပါရင် ပြီးတာပဲ ။ သမ္မာအာဇီဝကျကျနဲ့ လုပ်စားလို့ရတယ်။ သမ္မာအာဇီဝဆိုတာက ကိုယ်က ငွေတုလို့ပြောပြီး ရောင်းတယ် အတုမှန်းသိလို့ ဝယ်တယ်။ လာဝယ်တဲ့သူတွေကို မလိမ်ဘူးလေ။ တချို့ဆိုရင် သိတဲ့အတိုင်းပဲ ငွေလွှဲလိုက်တာနဲ့ ဘလော့သွားကြတာ။ ”ဟု သူက ပြောသည်။

#MizzimaTV

#ငွေတု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly