ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်

မတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ နယ်မြေခံ KNLA တပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား စစ်ရေး တင်းမာနေခဲ့ရာ ယနေ့ မတ်လ ၁၅ နံနက်ပိုင်းတွင် ကော့နွဲ့ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNU သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညပိုင်းက တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယနေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကော့ကရိတ်၊ ကော့နွဲ့ဘက်မှာ ဖြစ်နေတယ်။ မနေ့ညကနေ ဒီနေ့မနက် အထိပဲ။ ထိခိုက်မှု အခြေအနေတွေ ကတော့ မသိသေးဘူး” ဟု KNU တပ်ဟာမ (၆) သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ (၉၇) အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း၊ ယခင် တိုက်ပွဲများ ကတည်းက စစ်ဘေးရှောင် နေကြရပြီး လက်ရှိအချိန်ထိ နေရပ် မပြန်နိုင် သေးကြောင်း အနီးတစ်ဝိုက်နေ ဒေသခံများက ဆိုသည်။

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ ၃၀၀၀၀ ဝန်းကျင်ရှိကြောင်း KNU က ထုတ်ပြန် ထားသည်။

လေးကေ့ကော်မြို့သစ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ သုံးရက် အတွင်း တပ်ဆုတ် ထွက်ခွာရန် KNU တပ်မဟာ (၆) က မတ်လ ၇ ရက်နေ့တွင် သတိပေးစာ ပေးပို့ခဲ့ပြီးနောက် စစ်ရေးတင်းမာကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြဝတီ- ကော့ကရိတ် အာရှလမ်း တောနော် ရေတံခွန် အနီးတွင် ရွှေစင်စကြာ်ခရီးသည်တင် မှန်လုံ Express ယာဉ်တစ်စီးနှင့် ကော့နွဲ့ တံတားအနီးတွင် ကုန်တင်ယာဉ် တစ်စီးတို့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က ပစ်ခတ် မီးရှို့ခံခဲ့ရပြီး ကုန်တင် ယာဉ်မောင်း သေဆုံးခဲ့သည်။

အာရှလမ်းတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်း လမ်းလျှောက် ချီတက်လာပြီးနောက် ယင်းယာဉ်နှစ်စီး ပစ်ခတ်မီးရှို့ ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့နယ်တွင် နှစ်ဖက်တပ်များ အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်သည်ဟု စစ်ရေး လေ့လာသူများက ခန့်မှန်းထားသည်။

#Mizzima

#ကော့ကရိတ်မြို့နယ်

#ကော့နွဲ့ရွာ

#တိုက်ပွဲ

#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required