စစ်ကောင်စီတပ်ကို ဝေဟင်တိုက်ခိုက်ခဲ့မှု ရုပ်သံ ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုအဖွဲ့ ထုတ်ပြန် 

12 March 2022
စစ်ကောင်စီတပ်ကို ဝေဟင်တိုက်ခိုက်ခဲ့မှု ရုပ်သံ ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုအဖွဲ့ ထုတ်ပြန် 

တိုင်းရင်းသား နယ်မြေ၌ အခြေစိုက်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစု (Force For Federal Democracy) အဖွဲ့သည် စစ်ကောင်စီတပ်ကို ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ဝေဟင် တိုက်ခိုက်မှု ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှ တစ်ဆင့် ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဝေဟင် တိုက်ခိုက်မှုကို  "လေမို့ရ်ခါ" (ခ) စွန်ရဲနတ် စစ်ဆင်ရေး အမည်ဖြင့် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"လုပ်နေတာ အတော်ကြာပါပြီ။ စစ်ဆင်ရေးအတွက် ပြင်ဆင်တာ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ ထဲက စတင် လုပ်ဆောင်တာပါ။ လှိုင်သာယာက လူငယ်တွေလည်း ပါဝင်တယ်။ နောက် PDF တွေလည်း ပါဝင်ပါတယ်။ Drone နဲ့ ဗုံးအကြီးတွေ သယ်ပြီး ချတာပါ။ နည်းပညာ အခက်ခဲတော့ ရှိနေသေးတယ်။ အခု Page က ဖော်ပြတာ ဆိုတာကလည်း ငွေကြေး အထောက်အပံ့ ဖြစ်နေလို့ပါ " ဟု Force For Federal Democracy  အဖွဲ့ဝင် တစ်ဦးက ပြောသည် ။ 

ဖက်ဒရယ် ဒီမိုကရေစီ အင်အားစု အဖွဲ့ကို ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဒေသခံ ကာကွယ်ရေး အဖွဲ့များနှင့် အတူ တိုက်ပွဲ ဖော်ဆောင်လျက် ရှိသည်။ 

" လုပ်နေတာတွေက ခိုင်မာတဲ့ အနေအထား တစ်ခု မရောက်သေး သရွေ့ လူထုရှေ့ အဖွဲ့အစည်း အနေနဲ့ မထွက်သေးဘူးဆိုတဲ့ သဘောထားနဲ့  ဒီကြားထဲမှာ low profile ပဲ နေခဲ့ပြီးတော့ တော်လှန်ရေး ကိစ္စတွေ၊  လျို့ဝှက် လုပ်ဆောင်ခဲ့ပါတယ်။ အခုချိန်မှာတော့ စစ်ဆင်ရေးတွေ အများကြီး လုပ်နိုင်ခဲ့ပြီးတော့ လက်နက်ထုတ်တဲ့ သုတေသန အပိုင်းတွေမှာလည်း တော်တော်လေး ခရီးရောက် နေပြီလို့ ပြောလို့ရပါတယ် " ဟု  အဖွဲ့ဝင်တစ်ဦးက ထပ်မံ ပြောဆိုသည်။

#MizzimaTV
#ဝေဟင်တိုက်ခိုက်မှု
#ဖယ်ဒရယ် ဒီမိုကရေစီ အင်အားစု
#လေမို့ရ်ခါ
#စစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required