သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် ကျူရှင်ဆရာ ထောင်ချခံရမှု တရားမျှတမှု မရှိဟု မိသားစုဝင်များဆို

သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် ကျူရှင်ဆရာ ထောင်ချခံရမှု တရားမျှတမှု မရှိဟု မိသားစုဝင်များဆို

မတ် ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် အမှတ် (၁) ရက်ကွက်မှ ကျူရှင်ဆရာ ကိုဇေယျာထွန်း အား စစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် တစ်လ ချမှတ်မှု တရားမျှတမှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။

အသက် ၃၀ အရွယ် ကိုဇေယျာထွန်း သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက သံတွဲမြို့၌ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြရာတွင် ပါဝင်ခဲ့၍ ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၂၅)၊ ဘေးစီမံ ဥပဒေ ပုဒ်မ (၁၉) တို့ဖြင့် သံတွဲမြို့နယ် ရဲစခန်းတွင် အမှုဖွင့် ခံခဲ့ရသည်။

ယင်းနောက် နေအိမ်မှ တိမ်းရှောင် နေခဲ့ရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက သံတွဲမြို့မ ရဲစခန်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အတူ ခံဝန်ထိုး၍ နေအိမ်တွင် ကျူရှင်သင်နေကြောင်း မိသားစုဝင်က ပြောသည်။

“ကျွန်မတို့ ကလည်း ရဲစခန်းမှာ ခံဝန်ထိုးထားတော့ ငါးလလောက်လည်း ရှိနေပြီ ဆိုတော့ စာပြရင်း အေးဆေး နေနေတာပါ။ ရဲစခန်းကလည်း ခံဝန်နဲ့ နေလို့ရတယ်လို့ ပြောတယ်။ အဲဒါကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စခန်းမှူးက သူ့ကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး အိမ်ကနေ ခေါ်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကိုဇေယျာထွန်း ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရဲစခန်း၌ ထိန်းသိမ်းထားပြီး မတ်လ ၃ ရက်နေ့ ရုံးချိန်း ရှိသည်ဟု မိသားစုဝင်များထံ အကြောင်းကြားကာ ယင်းနေ့တွင်ပင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ကို ရဲစခန်းက ရုံးချိန်းရှိတယ် ဆိုပြီး ခေါ်တာကြောင့် လိုက်သွားတာ၊ ရှေ့နေလည်း မငှားရသေး ဘူးလေ၊ အဲဒီရောက်တော့ တန်းပြီး အမိန့်ချ လိုက်တာပါ၊ ဒါက မဖြစ်သင့်ပါဘူး” ဟု မိသားစုဝင်က ဆက်ပြောသည်။

အမှု စစ်ဆေးရာတွင် ဝန်ခံသည့် အတွက် ရုံးချိန်းများ မရှိဘဲ ဘေးစီမံ ပုဒ်မအတွက် ထောင်ဒဏ် တစ်နှစ်၊ ငြိမ်းစုစီ ပုဒ်မအတွက် ထောင်ဒဏ် တစ်လ ချမှတ်ခြင်း ဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူက ပြောသည်။

“သူက ရဲစခန်းမှာ ခံဝန်ထိုးတာပါ၊ ဆိုတော့ တရားရုံးက အမှုစစ်ဆေးတဲ့ အခါမှာ သူက ဝန်ခံတာကြောင့် တရားရုံးက တန်းပြီး အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသည့် ကိုဇေယျာထွန်း အပါအဝင် ထောင်ဒဏ် ချမှတ်ခံရသူ စုစုပေါင်း ငါးဦးရှိပြီး လေးဦး ပြန်လည် လွတ်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။

#Mizzima

#စစ်တွေမြို့

#ကိုဇေယျာထွန်း

#ထောင်ဒဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly