“ဆက်ပြီး ရှင်သန်ချင်ရင်၊ ပြည်ခိုင်ဖြိုးပါတီ တပ်မတော်နဲ့ လမ်းခွဲပါ”

“ဆက်ပြီး ရှင်သန်ချင်ရင်၊ ပြည်ခိုင်ဖြိုးပါတီ တပ်မတော်နဲ့ လမ်းခွဲပါ”

အခုဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်သွားခဲ့ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ် ကျင်းပဖို့ ကော်မတီဝင်တွေ နေပြည်တော် မှာစုရုံး ရောက်ရှိနေကြပါပြီ။ ဒီ အစည်းအဝေးကြီးမှာ ရွေးကောက်ပွဲကြီးမှာ ရှုံးနိမ့်ခဲ့ရ တာနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ရှိနေသလို ပါတီရဲ့ ရှေ့ရေးကိုလည်း ဆွေးနွေး ဆုံးဖြတ်ကြဖို့ ရှိနေ ပါတယ်။ ဒါ့အပြင် ပါတီတွင်းဖြစ်ပေါ်ခဲ့တဲ့ ဂိုဏ်းဂဏ အကွဲအပြဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ် ကြမယ် ဆိုတာကိုလည်း ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဘယ်လမ်းကို ရွေးသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီအကြောင်း ပြောရင် သူ့ နဂိုမူလ ဒီပါတီ ဘယ်လို ဖွဲ့စည်း ဖြစ်ပေါ်လာတယ်၊ ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ် ဆိုတာကို အရင်ပြောရမှာပါ။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ အနေနဲ့လည်း အဖြစ်မှန်အတိုင်း ရဲရဲဝန့်ဝန့် ကြည့်မြင် သုံးသပ်ပါမှ အဖြေမှန်ကို တွေ့မှာပါ။ တကယ်တော့ ပြည်ခိုင်ဖြိုးပါတီကို အရင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းပေးသွားခဲ့တာပါ။ ပါတီအနေနဲ့ မဟုတ်သေးခင်တုန်းကတော့ အသင်း ကြီးအနေနဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ အနားယူသွားတဲ့တိုင် တိုင်းပြည်ကို စစ်ဘုရင်တွေ လက်ထဲမှာပဲ ဆက်ပြီး ရှိနေစေဖို့ ရည်ရွယ်ချက် ထားရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နောင်နှစ်ပေါင်းများစွာ တိုင်းပြည် ကို စစ်ဘုရင် မင်းဆက်တွေ တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်သွားနိုင်ရအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသေအခြာ ရေးဆွဲ ပြဌာန်း အတည်ပြုပေးခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ တိုင်းပြည်ကို ယူနီဖေါင်း ချွတ်ထားတဲ့ စစ်ဘုရင် ဟောင်း သမ္မတတစ်ပါးနဲ့ ကာကွယ်ရေးဦးစီးချုပ် တစ်ပါး ပူးတွဲအုပ်ချုပ်ဖို့ ရေးဆွဲထားတာပါ။ တပ်မ တော် စစ်ဦးစီးချုပ်တွေနဲ့ စစ်ခေါင်းဆောင်တွေဟာ အချိန်တန်ရင် ယူနီဖေါင်းချွတ်ပြီး သမ္မတ၊ ဝန်ကြီး လုပ်ပြီး တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်ကြဖို့ပါ။

ဒီအတွက် ဖွဲ့စည်းပုံထဲမှာ သမ္မတရွေးချယ်ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား အမတ်တွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီလောက်နဲ့ တော့ မလုံလောက်ပါဘူး။ အဲဒီ ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး နောက်ထပ် ရွေးကောက်ခံ အမတ် ၂၆ ရာခိုင်နှုန်းလောက်နဲ့ ပူးပေါင်းမှသာ လွှတ်တော်ထဲမှာ အများစုဖြစ်ပြီး သမ္မတတင်၊ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် လွှတ်တော်ထဲ ၂၆ ရာခိုင်နှုန်းသော ရွေးကောက်ခံ အမတ်တွေ ရောက်လာဖို့ တပ်မတော် ကိုယ်တိုင်ကပဲ ဦးစီးဦးဆောင် လုပ်ပြီး ပြည်ခိုင်ဖြိုးပါတီကို ဖွဲ့စည်းခဲ့ကြတာပါ။ နဂို ဖွဲ့စည်း စဉ်ကတည်းက ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းကို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားခဲ့ပြီး ၂၀၁၅ နိုဝင် ဘာ ရွေးကောက်ပွဲ နီးတော့လည်း စစ်ဗိုလ်ချုပ် အများအပြားကို အငြိမ်းစားပေး၊ ပြည်ခိုင်ဖြိုးပါတီထဲ ဝင်စေပြီး ပေါ်ပေါ်တင်တင်ပဲ ရွေးကောက်ပွဲ ဝင်ခိုင်းခဲ့ပါတယ်။ ဒါကို ပြည်သူလူထုကြီးက သိပါတယ်။ ဒါကြောင့်လည်း ပြည်ခိုင်ဖြိုးပါတီ အမတ်တွေကို မဲမပေးပဲ ပြတ်ပြတ်သားသားကြီး ပယ်ချလိုက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးသွားခဲ့တာပါ။

တကယ်လို့များ ပြည်ခိုင်ဖြိုးပါတီဟာ ဒီ အဓိကကျတဲ့ အခြေခံအချက်တွေကို မပြင်ဆင်ဘူး မပြောင်းလဲဘူးဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ၊ ၂၀၂၅ ရွေးကောက်ပွဲ ဘယ်အချိန်ပဲ ရွေးကောက်ပွဲ ကျင်းပ ကျင်းပ အမတ်အရည်အတွက် သုံးပုံတစ်ပုံ အနိုင်ရမှာ မဟုတ်ပါဘူး။ အဲဒီအချိန် ရွေးကောက် ပွဲတွေကို အင်န်အယ်လ်ဒီ သမ္မတက ခန့်တဲ့ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဦးစီးကျင်းပမှာမို့ အခု ထက်တောင် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။ ဒီတော့ ပြည်ခိုင်ဖြိုးပါတီ ဖွဲ့ပြီး ဘာလုပ်ကြမလဲ စဉ်းစားရပါမယ်။ အခုလုပ်ပုံကို ပြန်ဆန်းစစ်ကြည့်လိုက်ရင် တပ်မတော်ကနေ အငြိမ်းစားပေးလိုက်တဲ့ တပ်မှူးကြီးတွေဟာ တပ်တာဝန်ကိုလည်း မထမ်းဆောင်ရ၊ ပါတီထဲဝင်ပြီး ရွေးကောက်ပွဲ ဝင်တော့ လည်း ရှုံးနိမ့်ရ စတဲ့ အခြေအနေအောက်မှာ အရည်အချင်းရှိတဲ့ တပ်မှူးတွေ ဆုံးရှုံးရလို့ တပ်မတော် ကိုလည်း အင်အားချိနဲ့ စေပါတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။

ဖြစ်သင့်တာကတော့ နောင် ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူတွေဆီက မဲရချင်တယ်ဆိုရင်၊ ပါတီဟာ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ပီပီပြင်ပြင် ရှင်သန်ချင်တယ်ဆိုရင် ပထမ ဦးဆုံး လုပ်သင့်တာက တပ်မတော်နဲ့ အဆက်ဖြတ်လိုက်ဖို့ပါပဲ။ တပ်မတော်ဘက်ကနေ ပါတီဘက် တစ်ယောက်ချင်းရော၊ အလုံးအရင်းရော ပြည်ခိုင်ဖြိုးပါတီကို ထည့်တာ ဆက်မလုပ်ဖို့ပါပဲ။ တပ်မတော် အရာရှိတွေကို လွတ်လပ်ခွင့်ပေးပြီး သူတို့ဖာသာ သူတို့ အငြိမ်းစားယူရင် ကြိုက်ရာ ပါတီကိုသွား၊ ကြိုက်ရာနေရာကနေ နိုင်ငံရေး လုပ်ခွင့်ပေးဖို့ လိုပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ တစ်သား တည်း ရှိနေတယ်၊ တပ်မတော် စစ်ခေါင်းဆောင်တွေ အစိုးရအာဏာရဖို့ ပြည်ခိုင်ဖြိုးက လုပ်ပေးတယ် ဆိုတဲ့ နဂို ချမှတ်ထားတဲ့ သနင်္ဂဗျူဟာ နည်းဗျူဟာတွေကနေ လုံးဝ လမ်းခွဲလိုက်ဖို့ လိုပါတယ်။

ပြီးရင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီကို တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေဟာ ပါတီကို နိုင်ငံရေးပါတီ ပီသ အောင် ပြုပြင်တည်ဆောက်ဖို့ လိုပါတယ်။ ပြည်သူတွေဆီက ထောက်ခံမှုရမယ့်၊ မဲရမယ့် သနင်္ဂဗျူ ဟာ၊ နည်းဗျူဟာတွေ ရေးဆွဲချမှတ် ကျင့်သုံးဖို့ လိုပါတယ်။ ပါတီကို တကယ့်ပါတီ တစ်ခုလို ကြီးထွား လာအောင် တကယ် စိတ်ပါလက်ပါ ရှိသူတွေနဲ့ ပြန်လည် စုဖွဲ့ဖို့ လိုပါတယ်။ အတင်းအကြပ် ပါခိုင်းလို့ ပါနေရသူတွေ အားလုံး၊ အထက်ကနေ အောက်ခြေအထိ ပါတဝင်တွေ၊ တာဝန်ရှိသူတွေကို ထွက်လို က ထွက်စေ ခွင့်ပြုလိုက်ဖို့ လိုပါတယ်။ ဒီလို စနစ်တကျ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှသာလျင် ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းပြည်မှာ လိုအပ်လာပြီဖြစ်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကို ဝေဖန်ထောက် ပြနိုင်မယ့် အဓိက အတိုက်အခံပါတီ ဖြစ်ကောင်း ဖြစ်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required