ပုသိမ်တွင် စစ်ကောင်စီ ကျင်းပသည့် ဘောလုံးပွဲအတွက် လုပ်ငန်းရှင်များထံ ရန်ပုံငွေ အတင်းအကျပ် ကောက်နေ

ပုသိမ်တွင် စစ်ကောင်စီ ကျင်းပသည့် ဘောလုံးပွဲအတွက် လုပ်ငန်းရှင်များထံ ရန်ပုံငွေ အတင်းအကျပ် ကောက်နေ

ဖေဖော်ဝါရီ ၁၁

ပုသိမ်မြို့၌ စစ်ကောင်စီ ဦးစီးကျင်းပသည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲ ရန်ပုံငွေဟု ဆိုကာ ရပ်ကွက်အလိုက် လုပ်ငန်းရှင်များထံ အလှူငွေ အတင်းအကျပ် ကောက်ခံနေကြောင်း ဒေသခံများ ထံက သိရသည်။

စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက အတင်းအကျပ် ကောက်ခံ နေခြင်း ဖြစ်ပြီး လုပ်ငန်း အကြီးအသေး အလိုက် နှုန်းထားများ ခွဲ၍ ကောက်ခံနေခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"ဘယ်သူမှ မကြည့်တဲ့ ဘောလုံးပွဲအတွက် ဆိုပြီး လုပ်ငန်း အကြီးလုပ်တဲ့ သူတွေကို ကျပ် ၁၀၀,၀၀၀ တောင်းပြီး လုပ်ငန်းအသေး လုပ်နေတဲ့ လူတွေကို ကျပ် ၅၀,၀၀ ၀တောင်းတယ်။ စစ်တပ်က ရပ်ကွက်တစ်ခုကို ငွေဘယ်လောက် ရအောင်ကောက် ဆိုလို့ ကောက်နေရတာလို့လည်း ပြောတယ်။ အဲ့ဒီဘောပွဲက တချို့ရပ်ကွက်တွေဆိုရင် ကန်မယ့်သူမရှိလို့ လူငှားတောင် ကန်နေရတာ။ အဓိပ္ပါယ်လည်း မရှိဘူး။ အလုပ်အကိုင်တွေက မကောင်းတာကို မပေးမနေရ ပုံစံနဲ့ တောင်းနေတာပါ "ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပုသိမ်မြို့ပေါ်ရှိ လောင်းကစားဒိုင်များ၊ အရက်ဆိုင်များနှင့် ကာရာအိုကေ ဆိုင်များ မှလည်း အလှူငွေဟု ဆိုကာ အတင်းအကျပ် ကောက်ခံနေသည်ဟု ဆိုသည်။

"ဘောလုံးပွဲက ကွင်းထဲမှာ ရန်ဖြစ်တာတောင် ဘေးနားက ထိုင်ကြည့်နေတဲ့ စစ်သားတွေက မတားဘဲနဲ့ ချချဆိုပြီး ထိုင်မြှောက်ပေးနေတဲ့ ဘောလုံးပွဲပါ။ အဲ့ဒီ ဘောပွဲကိုကန်ဖို့ အသင်းဝင်ကြေး ဆိုပြီး တစ်သင်းကို ၃၀,၀၀၀ တောင်းလို့ ပေးထားရတယ်။ အခုလည်း မြို့ပေါ်မှာ မပေးမနေရ ဆိုပြီး အလှူ လိုက်ခံနေတယ်။ ဘောလုံးပွဲကို အကြောင်းပြပြီး စီးပွားရှာနေတာ ထင်တယ်" ဟု ရပ်ကွက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်နေသည့် ကစားသမားတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲကို ကိုးသိန်း အားကစားကွင်း၌ ပြုလုပ်နေခြင်း ဖြစ်ပြီး ပုသိမ်မြို့ပေါ် ရပ်ကွက် (၁၅) ခုအပြင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများအသင်း တစ်သင်းလည်း ဝင်ရောက် ယှဥ်ပြိုင်နေသည်ဟု ဒေသခံများကဆိုသည်။ စစ်ကောင်စီ ဦးစီးသည့် ဘောလုံးပွဲဖြစ်သည့်အတွက် ကြည့်ရှုသူ အနည်းငယ်သာ ရှိသည်ဟု ၎င်းတို့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly