အကျင့်ပျက်ခြစားမှုကြောင့် တရုတ်အကြီးတန်းအရာရှိ ၃ ဦးကို ကွန်မြူနစ်ပါတီမှ ထုတ်ပယ်

အကျင့်ပျက်ခြစားမှုကြောင့် တရုတ်အကြီးတန်းအရာရှိ ၃ ဦးကို ကွန်မြူနစ်ပါတီမှ ထုတ်ပယ်

ထိပ်တန်းဘဏ်လုပ်ငန်းကြီးကြပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် တရုတ်အကြီးတန်းအရာရှိ ၃ ဦးကို အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် အာဏာရကွန်မြူနစ်ပါတီမှ ထုတ်ပယ်ပြီး ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံ၏ အကျင့်ပျက်ခြစားမှုစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်းကို သေချာစေမည့် အရေးပါသော နိုင်ငံရေးတွေ့ဆုံပွဲမတိုင်မီ ရည်မှန်းချက်မြင့်သော နိုင်ငံရေးသမားများနှင့် သြဇာကြီး သူဌေးကြီးများကို ဖယ်ရှားသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် သက်ညှာမည်မဟုတ်ကြောင်း တရုတ်အာဏာပိုင်များက ကတိပြုပြီး ရက်ပိုင်းအကြာ၌ ယခုကဲ့သို့ရာထူးမှထုတ်ပယ်ခြင်းများကို ပြုလုပ်ခြင်းဖြစ်သည်။

အရာရှိပေါင်း ၁ သန်းကျော်ကို ဖယ်ရှားထားပြီးဖြစ်သည်ဟုဆိုသည့်အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုသည် ၂၀၁၃ ခုနှစ် ရှီကျင့်ဖျင် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေးရန်သူများကို ဖယ်ရှားရန် နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သည်ဟု ဝေဖန်သူများက သုံးသပ်ထားကြသည်။

ဘဏ်လုပ်ငန်းစည်းမျဉ်းကော်မရှင် ဒုဥက္ကဋ္ဌဟောင်း ချိုင်အီရှန်း၊ တရားရုံးချုပ် အရာရှိဟောင်း မန်ရှန်းနှင့် နိုင်ငံ့အစားအသောက်စီမံခန့်ခွဲရေး ဒု-ဒါရိုက်တာဟောင်း ရှုမင်းတို့ကို စည်းကမ်းနှင့်ဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်မှုအတွက် ထုတ်ပယ်ခဲ့သည်ဟုထိပ်တန်းဥပဒေပြုအဖွဲ့ကဇန်နဝါရီ ၂၄ ရက်တွင် သီးခြားကြေညာချက် ၃ ခုကို ထုတ်ပြန်ခဲ့သည်။

စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က ၎င်းတို့ ၃ ဦးစလုံးသည် လာဘ်ငွေလက်ခံခြင်းနှင့် တန်ဖိုးကြီးမားသော ပစ္စည်းများကို တရားမဝင်ရယူခြင်းတို့အပြင် အခြားသူတို့၏ ကိုယ်ရေး ကိုယ်တာအကျိုးစီးပွားကို ကူညီရန် ၎င်းတို့၏ရာထူးများကို အသုံးချသည်ဟု သံသယရှိကြောင်း ပြောကြားသည်။

တာဝန်ရှိသူများသည် ခမ်းနားထည်ဝါသော တည်ခင်းဧည့်ခံပွဲများကို လက်ခံပြီး ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟုလည်း ကော်မရှင်က စွပ်စွဲထားသည်။

အဆိုပါ ၃ ဦးစလုံး၏ အမှုတွဲအားလုံးကို အစိုးရရှေ့နေများထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စွဲချက်များတင်တော့မည့် လက္ခဏာဖြစ်သည်။

အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ၎င်းတို့၏ စည်းစိမ်ဥစ္စာများ သိမ်းယူခံရကာ ပါတီဝင်အဖြစ်မှ ဖယ်ရှားခံရနိုင်ပြီး ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required