ထိုင်ဝမ်ကို ကျူးကျော်ရန် တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်အပေါ် သမ္မတ ရှီကျင့်ဖျင် သံသယရှိနေ

By Business Standard
14 March 2023
ထိုင်ဝမ်ကို ကျူးကျော်ရန် တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်အပေါ် သမ္မတ ရှီကျင့်ဖျင် သံသယရှိနေ

တရုတ်သည် ထိုင်ဝမ်အား ကျူးကျော်နိုင်ခြေနှင့်ပတ်သက်ပြီး အောင်မြင်မှု ရနိုင်၊ မရနိုင် စိတ်မပိုင်းဖြတ်နိုင်သေးကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့(CIA) ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်က ပြောကြားသည်။

ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် ၂၀၂၇ ခုနှစ်မတိုင်မီ အသင့်ပြင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်အား ညွှန်ကြားထားသည်ဟု အမေရိကန်ထောက်လှမ်းရေးသတင်းအရ သိရကြောင်း ဝီလျံဘန်းစ်က  ပြောသည်။ 

သို့သော် ယူကရိန်းကို ကျူးကျော်သည့် ရုရှား၏ အတွေ့အကြုံအရ ထိုကဲ့သို့ပြုလုပ် နိုင်စွမ်းအပေါ် သံသယပွားနေ နိုင်ပြီး တရုတ်စစ်တပ်က ထိုင်ဝမ်ကို ကျူးကျော်လျှင် အောင်မြင်မှု ရနိုင်၊ မရနိုင်နှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ထိပ်တန်း စစ်ဘက်အရာရှိများအကြား သံသယများ တိုးလာဖွယ်ရှိသည်။ 

"ထိုင်ဝမ်ကို ကျူးကျော်ဖို့ ၂၀၂၇ ခုနှစ်မတိုင်မီ အသင့်ပြင်ထားဖို့ တရုတ်စစ်တပ်ကို သမ္မတရှီက ညွှန်ကြားထားပေမယ့် ၂၀၂၇ ခုနှစ်၊ ဒါမှမဟုတ် တစ်ချိန်ချိန်မှာ ကျူးကျော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ယူဆလို့ မရပါဘူး" ဟု ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် ဘန်းစ်က ပြောကြားခဲ့သည်။
“သမ္မတရှီနဲ့ သူ့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ ဒီအချိန်မှာ ကျူးကျော်မှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သံသယရှိနေတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။ မလွှဲမရှောင်သာ စစ်တိုက်ရမည်ဆိုလျှင်ပင် ထိုင်ဝမ်ကို အပြည့်အဝထိန်းချုပ်လိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ သဘောထားကို အမေရိကန်က အထူးသတိထားဂရုစိုက်ရန်လိုအပ်ကြောင်း ဘန်းစ်က ပြောကြားခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ပြီးနောက် ယူကရိန်းအား အမေရိကန်နှင့် ဥရောပမဟာမိတ်များ၏ ပံ့ပိုးကူညီမှုသည် တရုတ်အရာရှိများအတွက် အဟန့်အတားတစ်ခုဖြစ်နိုင်သော်လည်း ထိုင်ဝမ်ကို တိုက်ခိုက်နိုင်သည့် အလားအလာမှာ တိုးလာကြောင်း ဘန်းစ်က ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းသို့ ပေးအပ်သော အကူအညီများသည် အနောက်အုပ်စု၏ စည်းလုံးညီညွတ်မှုကို ပြသနေသည်ဟု တရုတ်ကွန်မြူနစ်ပါတီက ယူဆနိုင်ကြောင်း ဘန်းစ်က ဆိုသည်။

အမေရိကန်သာမက ဥရောပမဟာမိတ်များသည် အချိန်ကြာလာသည်နှင့်အမျှ ရုရှားစီးပွားရေး ထိခိုက်မှုကြီးမားစေရန် ၎င်းတို့ကိုယ်တိုင် အတိုင်းအတာတစ်ခုအထိ စီးပွားရေးထိခိုက်ဆုံးရှုံးခံရန်ဆန္ဒရှိနေကြောင်း၊ ထိုအခြေအနေသည် အတိုင်းအတာအတစ်ခုအထိ ဆက်ဖြစ်နေကာ ရှီကျင့်ဖျင်ကလည်း အလေးအနက် ဆင်ခြင်နေသည်ဟု ယူဆကြောင်း ဘန်းစ်က ပြောကြားခဲ့သည်။ 

ထိုင်ဝမ်အရေးသည် အမေရိကန်နှင့် တရုတ်တို့အကြား ဆက်ဆံရေး တင်းမာရသည့် အကြောင်းအရင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly