သက်တမ်းအရှည်ဆုံးမြန်မာနိုင်ငံကအကြမ်းမဖက်် အာဏာဖီဆန်မှု (သို့မဟုတ်) CDM

သက်တမ်းအရှည်ဆုံးမြန်မာနိုင်ငံကအကြမ်းမဖက်် အာဏာဖီဆန်မှု (သို့မဟုတ်) CDM
ဓာတ်ပုံ- အီးပီအေ

ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာတွင်တစ်နိုင်ငံလုံးအနှံ့ဆန္ဒပြမှုများဖြစ်ပွားလာခဲ့သည်။ GZ ဟုခေါ်သည့် Generation Z ကိုယ်စားပြု လူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ အလုပ်သမားများသာမက ဆရာ၀န်၊ ကျောင်းဆရာ၊ အင်ဂျင်နီယာစသည်တို့လည်းပါ၀င်ခဲ့ကြသည်။

အစိုးရ၀န်ထမ်းများ အစပိုင်းတွင် ပါ၀င်မှုမရှိသေးသည့်အချိန်တွင်လူငယ်များ၏ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးအနှံ့ဆန္ဒပြမှုများအရှိန်မြင့်လာသည့်အချိန်တွင်အစိုးရ၀န်ထမ်းများ၏အကြမ်းမဖက်အာဏာဖီဆန်မှုများလည်းစတင်လာခဲ့သည်။

CDM ဘာကြောင့်လုပ်တာလဲ

အာဏာသိမ်းပြီး နှစ်ပတ်ကျော်အကြာတွင် အစိုးရလက်အောက်ခံဆေးရုံမှဆရာ၀န်များ၊ ခွဲစိတ်ဆရာ၀န်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများအစရှိသူတို့မှာအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်စတင်ပါ၀င်ခဲ့ကြသည်။

"စစ်အာဏာရှင်အောက်မှာတာ၀န်မထမ်းဆောင်ချင်တာ၊သူတို့လက်အောက်မှာ အလုပ်လုပ်ရင်ပညာရှင်လည်း လက်အုပ်ချီအရိုအသေပေးရတယ်။ ဘာမှလည်းမသိမတတ်ဘဲနဲ့အလုပ်ကိုလည်း အလုပ်နဲ့တူအောင်မလုပ်ရဘူး" ဟု ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ကာ CDM လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ရှိအစိုးရဆေးရုံကြီးတစ်ခုတွင်တာ၀န်ထမ်းဆောင်ခဲ့သည့်ဆရာ၀န်တစ်ဦးက ပြောကြားသည်။

လူထုထောက်ခံမှုဖြင့်ရွေးချယ်ခံရသည့် အစိုးရတစ်ရပ်အား လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့မှုကို လက်မခံနိုင်ခြင်းကြောင့် အာဏာသိမ်းအစိုးရလက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် အလုပ်သို့မသွားဘဲ နေအိမ်တွင်သာနေထိုင်ခဲ့သည့် အစိုးရ၀န်ထမ်း အများအပြား ရှိခဲ့သည်။

"အာဏာသိမ်းလိုက်တယ်ဆိုကတည်းက အလုပ်ကိုမသွားတော့ဘူး။ နောက်ပိုင်းဆန္ဒပြပွဲတွေလိုက်တယ်။ ကိုယ့်ရှေ့မှာတင် သေနတ်နဲ့အပစ်ခံရတဲ့သူတွေကို တွေ့လိုက်ရတယ်။ အဲ့ဒီဖြစ်စဉ်တွေကြောင့် အလုပ်မသွားဖို့က ပိုခိုင်မာလာတယ်" ဟု CDM လှုပ်ရှားမှုတွင်ပါ၀င်ခဲ့သည့်ပညာရေး၀န်ထမ်းတစ်ဦးကပြောကြားသည်။

အစိုးရဌာနများမှာ အာဏာသိမ်းအစိုးရ လက်အောက်သို့ ရောက်ရှိသွားသဖြင့် ကျန်းမာရေး၀န်ထမ်းများ၊ ပညာရေး၀န်ထမ်းများ၊ လူမှုကယ်ဆယ်ရေး၀န်ထမ်းများ၊ အစိုးရဘဏ်၀န်ထမ်းများနှင့် ပုဂ္ဂလိက၀န်ထမ်းများ၊ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ ၀န်ထမ်းများ အစရှိသူတို့ အကြမ်းမဖက်လှုပ်ရှားမှုတွင် ပါ၀င်ခဲ့သဖြင့် အာဏာသိမ်းအစိုးရ၏ အုပ်ချုပ်ရေးယန္တရားမှာ အခက်အခဲများစွာ ရှိခဲ့သည်ဟု စစ်ကောင်စီက ၀န်ခံခဲ့ရသည်။

အစိုးရယန္တရားတွင် တာ၀န်ထမ်းဆောင်နေသည့် ၀န်ထမ်းများရာခိုင်နှုန်း ၃၀ခန့် CDM လှုပ်ရှားမှုပြုလုပ်ခဲ့သဖြင့် လုပ်ငန်းစဉ်များတွင် အခက်တွေ့ခဲ့ရသည်ဟု စစ်ကောင်စီကသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံရှိအစိုးရ၀န်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါ၀င်သည့် အရေအတွက်မှာ ရာခိုင်နှုန်း၃၀ခန့်ထက် ပိုမိုများပြားနိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

"ကျွန်တော်တို့ကျောင်းမှာရှိတဲ့ ဆရာဆရာမတစ်၀က်ကျော်လောက်က CDM လှုပ်ရှားမှုမှာ ပါ၀င်ကြတယ်။ နည်းပညာတက္ကသိုလ်တွေ အားလုံးပေါင်းမယ်ဆိုရင် ရာခိုင်နှုန်း ၅၀၊ ၅၅ အနည်းဆုံးမှာရှိတယ်" ဟု ဧရာ၀တီတိုင်းရှိ နည်းပညာတက္ကသိုလ်တစ်ခုမှ ဆရာတစ်ဦးကပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီက CDM ပြုလုပ်သည့် အစိုးရ၀န်ထမ်းကို လုပ်ငန်းခွင်အတွင်း ပြန်လာရန် စာထုတ်ပြန်ခြင်း၊ ဖမ်းဆီးခြင်းများကိုပြုလုပ်ခဲ့ခြင်းကြောင့် လုပ်ငန်းခွင်အတွင်းသို့ ပြန်လည်ရောက်ရှိနေသူများလည်းရှိနေသော်လည်း ၀န်ထမ်းအရေအတွက်မှာ ပြည့်မီခြင်းမရှိပေ။

"ဧပြီလလောက်တုန်းက စာထုတ်ပြီး လုပ်ငန်းခွင်ကိုပြန်လာဖို့ပြောတယ်။ မလာကြဘူး။ မေလလောက်မှာစာထပ်ထုတ်တယ်။ အရေးယူမယ်၊ ၀န်ထမ်းချေးငွေတွေဆပ်ရမယ်ဆိုတာတွေပါလာတယ်။ တချို့တောင့်မခံနိုင်ကြလို့ လုပ်ငန်းခွင်ပြန်၀င်ကြတာတွေရှိတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းတစ်၀က်လောက်အထိက လုပ်ငန်းခွင်ကိုပြန်မ၀င်ကြဘူး" ဟု နည်းပညာတက္ကသိုလ်တစ်ခုမှကျောင်းဆရာတစ်ဦးကပြောကြားသည်။

CDM လှုပ်ရှားမှုတွင် အစိုးရ၀န်ထမ်းများသာမက စစ်အာဏာရှင်၏ လက်အောက်ခံစစ်သားများလည်း ပါ၀င်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးချိန် နှစ်လကျော်အကြာ ဧပြီလလောက်မှစတင်ကာ စစ်သားများ၏ CDM လှုပ်ရှားမှု စတင်ခဲ့ပြီး လက်ရှိအချိန်အထိ ပါ၀င်ခဲ့သူ နှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။ သို့သော် စစ်သား CDM အရေအတွက်မှာ နည်းပါးသေးသည်ဟု CDM ပြုလုပ်သည့်စစ်သားတစ်ဦးဖြစ်သူ ကိုညီသုတက ဆိုသည်။

“အဖွဲ့အစည်းတွေမှာ ရာထူးကြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုပိုကြီးပါတယ်။ အခုချိန်ကအချိန်တစ်နှစ်ပြည့်တော့မယ်ဗျာ။ရှေ့မှာတပ်သားအဆင့်ကတောင် CDM လုပ်ခဲ့ကြတာ။တပ်ရင်းမှုးအဆင့်နဲ့ အထက်ကပိုပြီးတောင် စောစောလုပ်သင့်တယ်။ မြို့ရွာတွေဗုံးကြဲနေတာ၊ အစုလိုက်အပြုံလိုက်အသတ်ခံရချိန်မှာ အချိန်မဆိုင်းဘဲ စစ်ကောင်စီကိုဆန့်ကျင်သင့်တယ်” ဟုဗိုလ်ကြီးညီသုတက ပြောကြားသည်။

CDM ပြုလုပ်သည့်စစ်သားမှာ ဗိုလ်မှူးအဆင့်ဖြင့် ပါ၀င်သူများမှစကာ အောက်ခြေစစ်သားများလည်း ပါ၀င်ပြီးအများဆုံးမှာ တပ်ကြပ်နှင့်တပ်သားများဖြစ်သည်။

CDM တွေဘယ်လိုရပ်တည်နေရသလဲ

စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ အကြမ်းမဖက်လှုပ်ရှားမှုတွင်ပါ၀င်ခဲ့ကြသူများမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းအခက်အခဲများကို တစ်နှစ်နီးပါးကြာမြင့်နေသည်အထိ တောင့်ခံလျက်ရှိသည်ဟု CDM ပြုလုပ်သူများကဆိုသည်။

"CDM လုပ်ကတည်းက အခက်အခဲတွေကတော့အများကြီးပဲ။ သူတို့ပေးထားတဲ့ လိုင်းခန်းကဆင်းပေးရတယ်။မဆင်းဘူးဆိုရင် အလုပ်ပြန်လုပ်ရမယ်လေ။ အာဏာရှင်ကိုမကြိုက်လို့ တော်လှန်တာ အဆောင်ကဆင်းပေးလိုက်ရတာပြဿနာမဟုတ်ဘူး။ နောက်ပိုင်းမှာက စား၀တ်နေရေးအတွက်က ကြုံရာလုပ်နေရတယ်။ တစ်လတစ်လ အလျင်မီအောင်ရှာဖွေရတာပဲ” CDM ပြုလုပ်ထားသည့်မီးရထား၀န်ထမ်းတစ်ဦးကပြောသည်။

ယခင်က အစိုးရ၀န်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူများမှာ လက်ရှိတွင် ပန်းရံလုပ်သား၊ ဈေးရောင်းသူ၊အငှားယာဉ်မောင်းနှင်သူ အစရှိသည့်ဘ၀များကို ဖြတ်သန်းနေကြရသည်။

“အရင်တုန်းကဘ၀ကိုတော့ပြန်လွမ်းတာပေါ့။ ဒါပေမဲ့ကလေးတွေက အသက်ပေးပြီးတိုက်ပွဲ၀င်နေတဲ့အချိန်မှာ ဆရာဆိုတဲ့ဂုဏ်ပုဒ်ကို ဒီအချိန်မှာ မမက်မောဘူး။ သူတို့တွေ ကျွန်တော်တို့ကို ရိုသေမှာမဟုတ်တော့ဘူး။ လေးစားမှုလည်း ရှိမှာမဟုတ်တော့ဘူး။ လုပ်ငန်းခွင်ထဲပြန်၀င်ရင် ကျွန်တော့သိက္ခာနဲ့လဲရမှာ မလဲနိုင်ဘူး” ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ဆရာအဖြစ်တာ၀န်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် CDM ပြုလုပ်ထားသူတစ်ဦးကပြောကြားသည်။

ထို့ပြင် CDM ပြုလုပ်ထားသူများမှာ စစ်အာဏာသိမ်းကောင်စီက မည်သည့်အချိန်တွင် ဖမ်းဆီးမလဲဆိုသည်ကို စိတ်ပူနေရသည်ဟု ၎င်းကဆိုသည်။

“သတင်းပေးတဲ့သူရှိရင်အဖမ်းခံရတယ်။ ကိုယ့်ဒေသကနေနေရာပြောင်းပြီးနေရတယ်။ ကိုယ်က CDM လို့ သိသွားရင် သတင်းပေးတဲ့ကောင်က ဖမ်းခိုင်းလိုက်တာနဲ့ နောက်တစ်ရက်လာဖမ်းသွားရောပဲ” ဟု ၎င်းကပြောကြားသည်။

စစ်အာဏာရှင် မင်းအောင်လှိုင်အား တွန်းလှန်နေသူများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် CDM ၀န်ထမ်းများကို အချို့ပြည်သူများက အလုပ်အကိုင်ရှာဖွေပေးခြင်း၊ အလုပ်သမားလိုအပ်သူများက CDM ၀န်ထမ်းကို ဦးစားပေးခန့်အပ်ခြင်းများရှိသော်လည်း အခက်အခဲလိုအပ်နေသည့် CDM ၀န်ထမ်းများမှာ များစွာရှိနေဆဲဖြစ်သည်။

“အလုပ်သမားလိုတဲ့သူတွေကို CDM ၀န်ထမ်းတွေနဲ့ ချိတ်ပေးတယ်။ အလုပ်ရှာပေးတယ်။ ဒါပေမဲ့အလုပ်လိုအပ်တဲ့ CDM ၀န်ထမ်းတွေကရှိနေတုန်းပဲ” ဟု ရန်ကုန်မြို့တွင်း CDM ၀န်ထမ်းများအတွက် အလုပ်အကိုင်ရှာဖွေပေးနေသူတစ်ဦးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း CDM ၀န်ထမ်းများအတွက် ထောက်ပံ့ကူညီမှုများပေးနေသော်လည်း လိုအပ်သည့်အကူအညီကိုပေးနိုင်ခြင်း မရှိသေးပေ။ NUG အစိုးရက နွေဦးထီရောင်းချရမှုမှ ရရှိငွေများဖြင့် CDM ၀န်ထမ်းများကိုထောက်ပံ့လျက်ရှိသော်လည်း ချိတ်ဆက်ထားသည့် CDM ၀န်ထမ်းများ၏ ရာခိုင်နှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးထားနိုင်သည်။

88 မှာ CDM ရှိခဲ့သလား

လုထုအရေးတော်ပုံဖြစ်သည့် ၈၈ လူထုလှုပ်ရှားမှုတွင်လည်း အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုရှိခဲ့ သည်ဟု စာရေးဆရာ မောင်လွင်မွန် (ကသာ) က ရေးသားထားသည်။

“၈၈ မှာလည်း CDM လှုပ်ရှားမှုလို့ အမည်မတပ်ပေမယ့် အာဏာဖီဆန်ပြီး ဆန့်ကျင်သပိတ် မှောက်ရာမှာ လမ်းပေါ်ထွက် တန်းစီ ချီတက် ကြွေးကြော် ရုံးမတက် ကျောင်းမတက်အလုပ်မဆင်း စတဲ့ လှုပ်ရှားမှုတွေအပြင် ထူးထူးခြားခြားအလုပ်ဆင်းရုံးတက်ပြီး အစိုးရအလုပ်တစ်ခုကိုမျှ လုပ်မပေးဘူးဆိုပြီး အာဏာဖီဆန်တာတွေ ရှိခဲ့တယ်” ဟု မောင်လွင်မွန် (ကသာ)က ဆိုသည်။

ယင်းသို့ အစိုးရအလုပ်တစ်ခုမျှ လုပ်မပေးဆိုသည့် အကြောင်းကို ယင်းခေတ်က ထုတ်သည့် သတင်းစာများတွင်ပင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်တော်တာ၀န်ယူခဲ့တဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ ၈ လပိုင်း ၃၀ ရက်မှာ ဘဏ်သမဂ္ဂဖွဲ့တယ်။ ဖွဲ့ပြီးချိန် တစ်ပတ်ကျော်ကာလမှာ ပြည်သူတွေရဲ့ ငွေကြေးကိစ္စတွေကိုပဲ ဆောင်ရွက်ပေးပြီးတော့ အစိုးရရဲ့ ငွေလွှဲ ငွေပို့၊ ငွေထုတ်၊ ငွေသွင်းကိစ္စတွေအားလုံးကို လုံး၀လုပ်မပေးတော့ဘူးဆိုပြီး လုံး၀ရပ်ဆိုင်းလိုက်တယ်။ အဲ့ဒီကာလတုန်းက ပြည်ပမှာဆေးသွားကုတဲ့ ၀န်ကြီးကို ငွေပို့ပေးမယ့်ကိစ္စ၊ တရုတ်ပြည်ကို လေ့လာရေး ခရီးသွားမယ့် အစိုးရရဲ့ အလုပ်သမားဌာနက အရာထမ်းတွေကို အဖွဲ့က ကန့်ကွက်လို့ လုံး၀လုပ်မပေးရတဲ့အပြင် ကန့်ကွက်ကြောင်းကို သတင်းစာထဲမှာပါ ထည့်ခဲ့သေးတယ်” ဟု မောင်လွင်မွန်(ကသာ) က ပြောသည်။

အစိုးရဌာနများတွင် ပထမဆုံး အာဏာဖီဆန်မှု လုပ်ဆောင်ခဲ့သည့် ဌာနမှာ တပ်မတော်အရာရှိဟောင်း ဖြစ်သည့် ညွှန်ချုပ် ဗိုလ်မှုးသန်းထွန်းက ဦးဆောင်ပြုလုပ်ခဲ့သည်ဟု မောင်လွင်မွန်(ကသာ)က ဆိုသည်။

“အဲ့ဒီတုန်းက သူဦးဆောင်ပြီး VIP ဖုန်းလိုင်းတွေကို ဖြတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကာလတုန်းက အထွေထွေမန်နေဂျာဖြစ်တဲ့ ဦးစိုးသာက ပြန်သွယ်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးစိုးသာက ဆက်သွယ်ရေး ညွှန်ချုပ်ဖြစ်ရုံမကဘူး၊ အစိုးရနှစ်ဆက် ၀န်ကြီးဖြစ်ရုံမကဘူး နောက်တော့ လွှတ်တော်ဥက္ကဋ္ဌဖြစ်တယ်။ ၂၀၁၅ ကျမှ ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့တယ်” ဟု မောင်လွင်မွန် (ကသာ) ကဆိုသည်။

အစိုးရပိုင်ဌာနများဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်း နာမည်ကြီးသတင်းကြေညာသူများဖြစ်သည့် ဦးသိန်းလှမော်နှင့် ဦးမောင်မောင်ညိန်းတို့နှစ်ဦးက အလိမ်အညာသတင်းများကို မကြေညာနိုင်ဟုဆိုကာ ငြင်းဆိုခဲ့သဖြင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး မြန်မာ့အသံဘက်မှ အစီအစဉ်မှူးများဖြစ်သည့် ဒေါ်မြနှစ်၊ ဒေါ်သန်းနှစ်၊ ဦး၀င်းအောင်၊ ဒေါ်မြသဲဖြူ အစရှိသူတို့မှာလည်း အလုပ်ကို စွန့်ခွာခဲ့ကြသည်။

“လှုပ်ရှားမှု ဒီရေလှိုင်းတွေ မြင့်လာတာနဲ့အမျှ သပိတ်မှောက်တဲ့သူကမှောက်၊ ခွင့်ယူတဲ့သူကယူဆိုတော့ တစ်ရက်ကျတော့ သတင်းကြေညာတဲ့သူမရှိ ဖြစ်သွားတယ်။ အဲ့ဒါနဲ့ မိတ်ကပ်တောင်မလိမ်းနိုင်ဘဲနဲ့ အမျိုးသမီးနှစ်ယောက်ကို အားချင်းခေါ်လာပြီး သတင်းကြေညာသူလုပ်ခိုင်းတာ ပရိတ်သတ်တောင် လန့်သွားခဲ့ဖူးတယ်” ဟု မောင်လွင်မွန်(ကသာ)က ဆိုသည်။

ယင်းခေတ်က မီးရထား၊ ဘတ်စ်ကားလိုင်း၊ ဟော်တယ်၊ စက်သုံးဆီဆိုင်၊ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းစာ အစရှိသည့် လုပ်ငန်းအများစုမှာ အစိုးရပိုင်များ ဖြစ်သဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ရက်ပေါင်း ၂၀ နီးပါးခန့် ရပ်တန့်ခဲ့သည်။

အရှည်ကြာဆုံး CDM ဘယ်အထိ ခရီးဆက်မလဲ

စစ်အာဏာရှင်မင်းအောင်လှိုင်အားလက်မခံနိုင်သဖြင့်အစိုးရ၀န်ထမ်းများက CDM ပြုလုပ်ထားမှုမှာတစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်သည်။

ယင်းကာလအတွင်း အခက်အခဲများစွာ ကြုံတွေ့နေရသော်လည်းအာဏာရှင်ကို အမြစ်ဖြတ်နိုင်ခြင်းမရှိသရွေ့ CDM ပြုလုပ်မည်ဟု၀န်ထမ်းများကဆိုသည်။

“ဆက်ပြီးတော့တောင့်ခံရမှာပဲ။ တစ်နှစ်နီးပါးရှိနေတော့ အခက်အခဲတွေကအများကြီးကြုံပြီးသွားပြီ။ ပိုဆိုးစရာလည်းမရှိတော့ဘူးလေ။ အာဏာရှင်မပြုတ်မချင်းတော်လှန်နေရမှာပဲ” ဟု နည်းပညာတက္ကသိုလ်ဆရာတစ်ဦးကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required