တိုင်းရင်းသားလက်နက်ကိုင်များ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ကာချုပ်ဖိတ်ခေါ်ချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေဘယ်လိုမြင်လဲ

တိုင်းရင်းသားလက်နက်ကိုင်များ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ကာချုပ်ဖိတ်ခေါ်ချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေဘယ်လိုမြင်လဲ
ဓာတ်ပုံ-သက်ကို

နေပြည်တော်ရှိ မြန်မာကွန်းဗန်းရှင်းစင်တာ(၂)တွင် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ တပ်မတော်ကို တစ်ခုတည်းထားရှိသည့်အတွက် မြန်မာ့တပ်မတော်ကို Standard Army အဖြစ်အဖက်ဖက်မှ တည်ဆောက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖိတ်ခေါ် ကြိုဆိုကြောင်း သူ့၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည့် အပေါ်တွင် တိုင်းရင်းသားပါတီ ထိပ်ပိုင်း ခေါင်းဆောင်အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ)

နိုင်ငံတော်ကို ကာကွယ်ရမယ်ဆိုတဲ့ တပ်မတော်က တစ်ခုတည်းရှိသင့်ပါတယ်။ အဲဒါကို ကျွန်တော်တိုလည်း လက်ခံပါတယ်။ နည်းကတော့ ရှိမှာပေါ့ဗျာ။ နှစ်ပေါင်း ၆၀ကျော်လောက် အမျိုးသားလွတ်မြောက်မှု အတွက် တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မျက်ကွယ်ပြုလို့လည်းမရဘူး။ အဲဒီလက်နက်ကိုင် လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ဘယ်လိုနည်းနဲ့ တစ်ခုတည်းသော တပ်မတော်တွင်းကို ဆွဲသွင်းမှာလည်း။ အဲဒီ ဥစ္စာကပဲ အရေးကြီးဆုံးဖြစ်မှာပါ။ မြန်မာ့တပ်မတော်ကို မြင်တာက လူမျိုးတစ်မျိုးတည်းကြီးစိုးတဲ့ တပ်မတော်လို့ တိုင်းရင်းသားလက်နက်ကိုင်ကိုတွေက မြင်တဲ့အခါကျတော့ အဲဒီအမြင်ကို ဖျောက်ပြီးမှ ပြည်ထောင်စုတပ်မတော်ဖြစ်အောင် ဖော်ဆောင်မယ်ဆိုတဲ့တပ်မတော်ဖက်က ပွင့်လင်းမြင်သာမှုမဟုတ်ရင်တောင် အားလုံးလက်ခံနိုင်တဲ့အနေအထား တစ်ခု ဖြစ်အောင် လုပ်ဖို့ လိုမှာပေါ့။

ဦးစောစေးဝါး(ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး)

ဒီကိစ္စကတော့ လောလောဆယ်ဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆွေးနွေးစရာတွေက အမျိုးကြီးရှိသေးတယ်။နောက်တစ်ခုက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့သူတို့လက်နက်ကိုအပ်ဖို့လည်း လောလောဆယ်မရှိကြပါဘူး။ ပြည်ထောင်စုတပ်မတော်ဆိုတာ သူတို့ပြောပြောနေကြတာက သူတို့ပြည်နယ်အတွင်းမှာ လွတ်လွတ် လပ်လပ်နေချင်ကြတယ်၊ လွတ်လွတ်လပ်လပ် ကိုင်တွယ်လို့ရတဲ့ အနေအထားလေးရှိ အောင်သူ တို့ လိုချင်ကြတယ်။ လောလောဆယ်အသွယ်ကူးပြောင်းပြီးတပ်မတော်ထဲဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အချိန်တော့ ပေးရမယ်။ ဒီကိစ္စတွေက။ သူတို့ နိုင်ငံရေးဆွေးနွေးပွဲမှာ တော်တော်လေးကို ပြောဆိုပြီး သူတို့ ဘဝလုံခြုံမှုအတွက် သူတို့လိုချင်တဲ့ အတိုင်းအတာ တစ်ခုရမှ ဖြစ်နိုင်မယ်လေ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည် မှုရှိ လာတာနဲ့အမျှ ဒီအခြေနေက တဖြေးဖြေးချဉ်းကပ်လို့ရလာမှာပေါ့။ လောလောဆယ်က ယုံကြည်မှု တည် ဆောက်တဲ့ ကာလပဲ ဖြစ်တယ်ဆိုတော့ အချိန်ပေးရမယ်လို့ထင်တယ်။

ဦးဖောင်ယူးဘရန်လီ(ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး)

တိုင်းပြည်မှာ လက်နက်ကိုင်တပ်မတော်က တစ်ခုတည်းရှိရမယ်ဆိုတာကတော့ လက်ခံပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးက အရေးကြီးတာပေါ့။ ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း အဲဒါမျိုးဖြစ်လာရင်တော့ ပိုကောင်း တာပေါ့လေ။ လက်ရှိအနေအထားအရတော့ သိပ်မလွယ်သေးဘူးထင်တယ်။ ခုက တိုက်ပွဲတွေကလည်း ဖြစ်နေတယ် ဆိုတော့ နည်းနည်းတော့ ခက်ခဲမယ်လို့ထင်တယ်လေ။ တိုက်ပွဲတွေ မရှိဘူး ငြိမ်းချမ်းပြီဆိုရင်တော့ ဖြစ်လာမှာပါ။

နိုင်ငွေသိန်း(မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ)

ကျွန်တော်ထင်တာက တိုင်းရင်းသားတွေ လိုချင်တာက ဖက်ဒရယ်ပြည်ထောင်စုပေါ့ဗျာ။ ဖက်ဒရယ်ပြည် ထောင်စုဆိုတော့ ဖက်ဒရယ်အာမီ ဖြစ်ရမှာပေါ့။ အဲဒါမဖြစ်ရင် ငြိမ်းချမ်းရေးက ရလဒ်ကောင်းထွက်လာမှ မဟုတ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly