အပစ်ရပ် ၇ ဖွဲ့နှင့် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းပြင်ဆင်ရေးတင်ပြ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
30 March 2023
အပစ်ရပ် ၇ ဖွဲ့နှင့် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းပြင်ဆင်ရေးတင်ပြ

။  ။အပစ်ရပ် ခုနစ်ဖွဲ့နှင့် စစ်ကောင်စီတို့ ပထမကြိမ် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တင်ပြခဲ့ကြောင်း သိရသည်။
မတ်လ၂၈ ရက်နှင့် ၂၉ ရက်နေ့က နေပြည်တော်၌ပြုလုပ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီနှင့် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်ခုနစ်ဖွဲ့တို့  အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း အပစ်ရပ်ခုနစ်ဖွဲ့  အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမသို့ ပြောသည်။
“၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး တစ်ဖက်က(စစ်ကောင်စီဘက်က)တင်ပြဆွေးနွေးမှုတွေ ရှိတယ်။ အခုနက ကျနော်ပြောတဲ့အတိုင်းပဲ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ဆိုတာကတော့ ပထမဆုံး ကြိမ်မှာတော့ ကျနော်တို့ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူး။ နှစ်ဖက်စလုံး တင်ပြချက်တွေအပေါ်မှာ သက် ဆိုင်ရာခေါင်းဆောင်တွေဆီကို သယ်ဆောင်သွားပြီးတော့ နောက်လာမယ့်အစည်းအဝေးပွဲမှ အဲဒီအချက် တွေအပေါ်မှာ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်မယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင်စစ်ကောင်စီဘက်က ဒေသတွင်းတည်ငြိမ်းရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးတို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်သည်။
အပစ်ရပ်ခုနစ်ဖွဲ့အနေဖြင့် သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းဖြစ်ပေါ် လာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖက်ဒရယ်အခြေခံမူကိစ္စရပ်များ၊ အရပ်သားများကို အကာအကွယ် ပေးရေး၊ လူသားချင်းဆိုင်ရာ အကူအညီများပေးရေး၊ အပစ်ရပ်ခုနစ်ဖွဲ့၏ ဘုံသဘောတူညီချက်များ ဆွေး နွေးရရှိရေးတို့ကို တင်ပြခဲ့သည်ဟု သိရသည်။
စစ်ကောင်စီနှင့် အဆိုပါတိုင်းရင်းသားအဖွဲ့များသည် တဖွဲ့ချင်းစီတွေ့ဆုံခဲ့ရာမှ အဖွဲ့များစုပေါင်း၍ အလွတ် သဘောတွေ့ဆုံမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ယခုဆွေးနွေးပွဲသည် စစ်ကောင်စီကစီစဉ်ထားသည့် အစီစဉ်များအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ နှစ်ဖက်တင်ပြဆွေးနွေးမှုများ လုပ်နိုင်လာကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
အာဏာသိမ်းပြီးနောက် တစ်နှစ်နီးပါအကြာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လာခဲ့သော်လည်း သွားရောက် တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ဒေသများတွင် စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ် များကိုလုပ်ကိုင်နေပြီး တိုက်ပွဲများအတွင်း ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းများပါ ပြုလုပ်နေသည်။
တိုက်ပွဲများဖြစ်ပွားနေမှုအပေါ်တွင်  စောကျော်ညွန့်က “ကျနော်တို့ ဆွေးနွေးပွဲတွေလုပ်တဲ့အချိန်မှာ ကိုယ့် ဒေသအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်အောင်ကလည်း အဓိကလိုအပ်ချက်တစ်ချက်ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required