တရုတ်နိုင်ငံ၊ ရှင်ကျန်ဒေသတွင် တိုက်ခိုက်မှုဖြစ်ပွား အနည်းဆုံး လူ ၁၈ ဦးသေဆုံး

တရုတ်နိုင်ငံ၊ ရှင်ကျန်ဒေသတွင် တိုက်ခိုက်မှုဖြစ်ပွား အနည်းဆုံး လူ ၁၈ ဦးသေဆုံး

ပေကျင်း၊ ဇွန် ၂၄ ။        ။ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်ဒေသရှိ ယာဉ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ဝီဂါလူမျိုးများက ဓါးများ၊ ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အနည်းဆုံးလူ ၁၈ ဦးသေဆုံးခဲ့ကြောင်း ရေဒီယိုဖရီးအေရှ ရေဒီယိုက ဇွန် ၂၄ တွင်ထုတ်လွှင့် ခဲ့သည်။

တိုက်ခိုက်မှုမှာ ရှင်ကျန်တောင်ပိုင်း ကက်ရှ်ဂါမြို့ ရပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှင်ကျန်ဒေသတွင် ဝီဂါလူမျိုးများနှင့် လူများစုဟန်တရုတ်များကြားတင်းမာမှုများကြောင့် မကြာသေးမီနှစ်များအတွင်း သွေးမြေကျမှုများစွာဖြစ်ပွားခဲ့သည်။

တိုက်ခိုက်သူများဟု သံသယရှိသူများသည်ကက်ရှ်ဂါ၏ တာထာကိုရပ်ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို ကားတစ်စင်းဖြင့် ဖြတ်သန်း ပြီးနောက် ဓါးများ၊ ဗုံးများဖြင့် တိုက်ခိုက်ကာ ရဲတပ်ဖွဲ့ဝင်အချို့ကို သတ်ဖြတ်ခဲ့သည်ဟု အနီးရှိ ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်သူ တားဂ်ဟွန်မေမက်၏ ပြောကြားချက်ကို ကိုးကား၍ ရေဒီယိုက အစီအရင်ခံခဲ့သည်။

လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများဟု သတ်မှတ်ထားသည့် သံသယရှိသူ ၁၅ ဦးကို သတ်ဖြတ်ခဲ့သည်ဟု မေမက်ကပြောကြားခဲ့သည်။ရှင်ကျန်ဒေသတွင် အတိမ်းအစောင်းမခံသည့်ကာလဖြစ်သည့် မွတ်စလင် ဥပုသ်လ၏ အစပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။လွန်ခဲ့သည့် သုံးနှစ်အတွင်း တိုက်ခိုက်မှုအနည်းငယ်မြင့်တက်ပြီး လူရာပေါင်း များစွာသေဆုံးခဲ့သည်။ တိုက်ခိုက်မှုအတွက် အစ္စလာမစ်စစ်သွေးကြွများကို ပေကျင်းက အပြစ်တင်ခဲ့သည်။

ရှင်ကျန်အစိုးရသတင်းဋ္ဌာနသို့ အကြိမ်ကြိမ်ဖုန်းဆက်မေးမြန်းသော်လည်း ဖြေကြားမှုမရှိခဲ့ပေ။ ယင်းကဲ့သို့တိုက်ခိုက်မှု သတင်းများ ကို ပြည်ပမီဒီယာများကသာ ဖော်ပြလေ့ရှိပြီး ရက်များစွာကြာသည်သည်အထိ တရုတ်အစိုးရက အတည်မပြုပေ။အစ္စလာမ်နှင့် ဝီဂါယဉ်ကျေးမှုကို ထိန်းချုပ်မှုများအပါအဝင် ဖိနှိပ်သော အစိုးရ၏ပေါ်လစီများကြောင့် မတည်ငြိမ်မှုများဖြစ်ပေါ်ရခြင်းဖြစ်ကြောင့် အဝေးရောက်ဝီဂါအုပ်စုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required