ပါကစ္စတန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူကို သူလျှိုမှုဖြင့် စစ်တရားရုံးက စီရင်ချက်ချ

ပါကစ္စတန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူကို သူလျှိုမှုဖြင့် စစ်တရားရုံးက စီရင်ချက်ချ

ပါကစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အိုင်ဒရစ် ခါတက်ခ်ကို သူလျှိုမှုဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။

"ခါတက်ခ်ဟာ သူလျှိုလုပ်မှု၊ နောက်ပြီး သတိထားဆင်ခြင်ရတဲ့ အရေးကြီး သတင်းအချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ စစ်ဘက်အထွေထွေတရားရုံးတစ်ခု (FGCM) က အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်၊ သူ့ကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပါတယ်" ဟု သတင်းရင်းမြစ်က Dawn ကို ပြောသည်။

ဂျဟီလမ်မြို့၌ အမှုစစ်ဆေးကြားနာမှု ပြီးစီးပြီးနောက် ထို ပြစ်ဒဏ်စီရင်ချက်ကို ယခုအပတ်အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းကို ၁၉၂၃ ခုနှစ် ပါကစ္စတန်စစ်တပ် အက်ဥပဒေနှင့် နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ အောက်တွင် အမှုစစ်ဆေးကြားနာခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ၎င်းသည် နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတစ်ခုထံသို့ အရေးကြီး သတင်းအချက်အလက်များကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

၎င်းကို စစ်ဘက်တရားရုံးဖြင့် စစ်ဆေးစီရင်မှုကို ကာကွယ်ပြောဆိုသည့်အနေဖြင့် အဆိုပါသတင်းရင်းမြစ်က ပြောကြားရာတွင် သူလျှိုမှုဖြင့် စွပ်စွဲခံရသည့် မည်သူမဆို၊ စစ်ဘက်အမှုထမ်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ၎င်းကို FGCM တရားရုံးတစ်ခုဖြင့် ကြားနာစစ်ဆေးနိုင်သည်ဟု ပြောသည်။

ခါတက်ခ်ကို ဂျဟီလမ် ခရိုင်အကျဥ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ထားလိုက်ပြီဖြစ်သည်ဟု သတင်းများအရ သိရသည်။

၎င်းအနေဖြင့် အယူခံခုံရုံးနှင့် နောက်ဆက်တွဲအဖြစ် စစ်တပ်အကြီးအကဲထံတွင် အယူခံဝင် အသနားခံတင်ပြနိုင်သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

ခါတက်ခ်သည် Amnesty International အဖွဲ့နှင့် ဆက်လက်ပတ်သက်မှု ရှိခဲ့ပြီး ၎င်းသည် ယခင်က မျိုးနွယ်စု ဧရိယာများနှင့် ဘာလိုချီစတန်တို့တွင် လူများကို အတင်းအကျပ် ပျောက်ကွယ်စေမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က အစ္စလမ်မာဘတ်မှ ပက်ရှာဝါသို့ သွားရောက်ခဲ့စဥ် ဆွာဘီ လမ်းအကူးအပြောင်းနေရာ၌ ထောက်လှမ်းရေးအေဂျင်စီတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယင်းနောက် ၎င်း၏ မိသားစုက ခြောက်လနီးပါးကြာ ၎င်းလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုကမ်ပိန်းတစ်ခုကို လုပ်ခဲ့သလို ပက်ရှာဝါ တရားရုံးချုပ်၌ ရုံးထုတ်မိန့်တစ်ခု တင်သွင်းခဲ့ပြီးနောက် ၂၀၂၀ ဇွန်လ ၁၆ ရက်တွင် ၎င်းသည် စစ်တပ်၏ ဖမ်းဆီးမှုအောက်တွင် ရှိနေကြောင်းနှင့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအောက်တွင် ၎င်းကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required