တွံတေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

တွံတေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

ဒီဇင်ဘာ ၉

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသား ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ တွံတေးမြို့နယ် ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသူ ဦးလှဝေ ဆိုသူဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး) က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ပျူစောထီး ခေါင်းဆောင်ပါ၊ ပြီးတော့ သတင်းပေးဒလန် အကြီးစားပါ၊ ဒီနေ့မနက်ပိုင်းမှာ အုန်းပင်စုရပ်ကွက်က စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ဆိုင်ကယ်နဲ့သွားပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ အဲ့လိုပစ်နေတဲ့အချိန် သူ့မယားငယ်က ကျွန်တော်တို့လူကို ဆိုင်ကယ်ပေါ်က ဆွဲချလို့ သူ့ကိုပါပစ်လိုက်ရတယ် သေနတ်တော့ ထိသွားတယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှဝေ၏ ရင်ဘတ်တွင် သေနတ်ဒဏ်ရာများရရှိပြီး နေရာတွင်ပင် သေဆုံးခဲ့ကာ ၎င်းနှင့်ပတ်သက်သည်ဆိုသူ အမျိုးသမီးမှာလည်း သေနတ်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“အပစ်ခံရတဲ့သူက ရပ်ကွက်ထဲ လူမိုက်လိုလိုကောင်ပါ၊ သူ့ကြောင့် ဒုက္ခရောက်တဲ့သူတွေ အများကြီးရှိခဲ့တယ်။ စစ်ကောင်စီက လမ်းပိတ်ဆို့တားဆီး စစ်ဆေးမှုတွေ လုပ်တဲ့အခါတိုင်း တစ်ခါတလေ သူကိုယ်တိုင်ပါဝင်ပြီး ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်နေသူပါ” ဟု တွံတေးဒေသခံတစ်ဦးက ပြောသည်။

တွံတေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေး ဒလန်များနှင့် အများပြည်သူ ထိခိုက်စေရန် ကြံရွယ်လုပ်ဆောင်နေသူများကို ပြည်သူများ၏ သတင်းပေးချက်အရ စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိပါက အရေးယူ သုတ်သင်ရှင်းလင်းလျက်ရှိရာ လက်ရှိအချိန်အထိ စစ်ကောင်စီ သတင်းပေးဒလန် ခြောက်ဦးကို ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)ထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required