မလေးရှားနိုင်ငံ ထိုင်းသံရုံးရှေ့ လိပ်ကျွန်းအရေး ဆန္ဒပြခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ထိုင်းသံရုံးရှေ့ လိပ်ကျွန်းအရေး ဆန္ဒပြခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံရ
ဓာတ်ပုံ- မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။ ။ လိပ်ကျွန်းအရေး မလေးရှားနိုင်ငံ ထိုင်းသံရုံးရှေ့ ဆန္ဒပြသူများထဲမှ မြန်မာနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ရဲလုပ်ငန်း စဉ်များဆောင် ရွက်ပြီးပါက ပြန်လွှတ်ပေးမည်ဟုပြောကြောင်း ဖမ်းဆီးခံထားရသည့် ဦးချစ်ကောင်းက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့်  ကွာလာလမ်ပူမြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ ဒီဇင်ဘာ လ ၂၈ရက်က ချီတက်ဆန္ဒပြစဉ် နေ့လည် ၁၂နာရီ ဝန်းကျင်တွင် မလေးရှားရဲတပ်ဖွဲ့က ဦးဆောင် ဆန္ဒပြသူ ဦးချစ်ကောင်း (ရွေ့ပြောင်းအလုပ်သမားများကူညီရေးအဖွဲ့) နှင့် ကိုစန်းဝင် (ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ) တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"အချုပ်ထဲမှာတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ရဲစခန်းမှာ ခေါ်ထားပါတယ်။ ခေါင်းဆောင် နှစ်ယောက် ဖမ်းလိုက်တယ်ဆိုတော့ အားလုံးကတော့ ကိုယ့်နေရာကိုယ် ပြန်ကုန်ကြပြီ။ ကျွန်တော်တို့က ပြည်ပ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် သူတို့ စီစဉ်စရာရှိတာတွေ စိစဉ်လုပ်စရာရှိတာတွေ လုပ်ပြီးရင် ပြန်လွှတ်မယ်လို့ ပြောပါတယ် ခင်ဗျ"ဟု ဦးချစ်ကောင်းထံ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြောသည်။

၎င်းတို့ နှစ်ဦးအား နေ့လည် ၁၂နာရီ ဝန်းကျင်က မလေးရှားနိုင်ငံ Jalan Ampang လမ်းမပေါ်ရှိ  ထိုင်းသံရုံးသို့ ချီတက်ဆန္ဒပြနေစဉ် ပူဒူး မြို့ရှိ ရဲစခန်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ဆန္ဒပြရန် စီစဉ်ခဲ့ရာ မလေးရှားအာဏာပိုင်မှ ခွင့်ပြုမိန့်ပေးခဲ့သော်လည်း ဒီဇင်ဘာလ ၂၇ရက် ညပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့ပြီး ဦးဆောင်သူ နှစ်ဦးကိုသာ ထိုင်းသံရုံးသို့ စာဝင်ရောက်ပေးရန် အကြောင်းကြားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required