အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ မြန်မာဒုက္ခသည်ကလေးငယ် ၁,၉၀၀ ကျော် ကျောင်းအပ်နှံပြီး ပညာသင်ခွင့်ရ

အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ မြန်မာဒုက္ခသည်ကလေးငယ် ၁,၉၀၀ ကျော် ကျောင်းအပ်နှံပြီး ပညာသင်ခွင့်ရ

အောက်တိုဘာ ၂၇

စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ မိသားစုများနှင့်အတူ ရောက်ရှိခိုလှုံနေသည့် မြန်မာကလေးငယ် ၁,၉၀၀ ကျော်သည် ယခုအခါ ပြည်နယ်ရှိ စာသင်ကျောင်းအသီးသီး၌ ကျောင်းအပ်နှံပြီး အခမဲ့ပညာသင်ကြားခွင့် ရရှိလျက်ရှိကြောင်း မီဇိုရမ်ပြည်နယ်မှ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရသည် သြဂုတ်လနောက်ပိုင်း စာသင်ကျောင်းများ၌ မြန်မာနိုင်ငံသား ကလေးငယ်များ၏ နာမည်များကို စာရင်းသွင်းအပ်နှံခွင့်ပြုထားခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဂျိမ်းစ် လယ်ရင်ချ်ဟာနာက ပြောသည်။

ယင်းကို 'လူသားချင်း စာနာထောက်ထားမှု သက်သက်' ဖြင့် လုပ်ဆောင်ပေးထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့်အကြား ကီလိုမီတာ ၅၁၀ အရှည် နယ်စပ်ချင်း ထိစပ်နေသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းမှုနှင့်အတူ နောက်ဆက်တွဲအားဖြင့် ဆန္ဒပြမှုများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများနောက်ပိုင်း မြန်မာနိုင်ငံသားများသည် အိန္ဒိယဘက် ထွက်ပြေးခိုလှုံမှုများ ရှိထားခဲ့သည်။

အများစုသည် လက်ရှိအချိန်တွင် နယ်စပ်ကျေးရွာများရှိ ဒေသခံများ ထူထောင်ပေးထားသည့် ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်လျက် ရှိသည်။

"ပြောင်းရွှေ့နေထိုင်တဲ့ မြန်မာခေါင်းဆောင်တွေရဲ့ ပန်ကြားချက်ကို ကျွန်တော်တို့ လျစ်လျူမရှုနိုင်ပါဘူး၊ နောက်ပြီး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ပညာသင်ကြားခွင့် မထောက်ပံ့ပေးဘူးဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတစ်ရပ်ကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ရနိုင်ပါတယ်" ဟု ၎င်းက ပီတီအိုင်ကို ပြောသွားခဲ့သည်။

လက်ရှိတွင် ယောကျ်ားလေး ၁,၀၁၀ ဦး၊ မိန်းကလေး ၉၆၂ ဦး၊ စုစုပေါင်း မြန်မာကလေးငယ် ၁,၉၇၂ ဦးသည် ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများ၌ အတန်းအသီးသီးတွင် တက်ရောက်သင်ယူလျက် ရှိသည်ဟု မစ္စတာ လယ်ရင်ချ်ဟာနာက ပြောခဲ့သည်။

ဒုက္ခသည်သစ်များ ဝင်ရောက်မှုများ ရှိနေ၍ ကိန်းဂဏန်းက ပြောင်းလဲနေသည်ဟုလည်း ၎င်းက ပြောသည်။

ကလေးအများစုသည် မီဇိုဘာသာစကား သို့မဟုတ် အင်္ဂလိပ်စာကို နားလည်သိရှိသည့်အတွက် ၎င်းတို့အတွက် သီးခြား ကြားခံ သင်ကြားပို့ချမှု သို့မဟုတ် သီးခြား ဆရာများ စီစဉ်ပေးထားရခြင်း မရှိဟုလည်း  မစ္စတာ လယ်ရင်ချ်ဟာနာက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly