မဲခေါင်မူးယစ်နှိမ်နင်းမူကာလ တတိယအဆင့်သို့ရောက်ချိန် စစ်ဆင်ရေးတွင် ပါ၀င်မည့်နိုင်ငံများတိုးလာမည်

မဲခေါင်မူးယစ်နှိမ်နင်းမူကာလ တတိယအဆင့်သို့ရောက်ချိန် စစ်ဆင်ရေးတွင် ပါ၀င်မည့်နိုင်ငံများတိုးလာမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၉ ။            ။ မဲခေါင်းမြစ်တစ်လျှောက် နိုင်ငံစုံမူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ဆင်ရေးများမှာ နယ်ပယ်ကျယ်ပြန့်လာမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စစ်ဆင်ရေးများ တတိယအဆင့်သို့   ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန်ကွမ်းချာယာက ပြောသည်။

စစ်ဆင်ရေးတွင် ပါဝင်သည့် နိုင်ငံအရေအတွက်တိုးလာမည်ဖြစ်ပြီး ဒေသတွင်း မူးယစ်မှောင်ခိုတိုက်ဖျက်မှု စစ်ဆင်ရေးလုပ်နေသော ထိုင်း၊ တရုတ်၊ မြန်မာနှင့် လာအိုနိုင်ငံများနှင့် အတူ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့လည်း ပါဝင်မည်ဖြစ်သည်။ ဒေသတွင်းမူးယစ်နှိမ်နင်း တတိယအဆင့်အတွက် မဟာဗျူဟာများချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်သည့် အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်ကြီး ပိုင်ဘွန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးကို လေ့လာရန် သြစတြေးလျနယ်ခြားတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာကုလသမဂ္ဂရုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ စစ်ဆင်ရေးများက မူးယစ်ဆေးဝါးပြုလုပ်သော ဓါတုဗေဒပစ္စည်းများကို နှိမ်နင်းရေး၊ မြစ်တွင်းနှင့် ကုန်းပေါ်တွင် ကင်းလှည့်မှုများ ညိနှိုင်းဆောင်ရွက်ရေး၊ ပစ်မှတ်များရှာဖွေဖော်ထုတ်ရေးနှင့် စီးနင်းမှုများကို ယခုအခါ အထူးအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေးကိုလည်း တိုးမြင့်သွားမည်ဟု ဗိုလ်ချုပ်ကြီးပိုင်ဘွန်ကဆိုသည်။ ယခုအချိန်အထိ စစ်ဆင်ရေးရလဒ်များကြောင့် ပိုင်ဘွန်မှာ လေးစားခံနေရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီနှင့် စက်တင်ဘာကြား ဒုတိယအဆင့်တွင် မူးယစ်မှု ၇,၃၂၉မှုတွင် သံသယရှိသူ ၇,၉၂၃ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ဘတ် ၆၅၂သန်းတန် မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။  ရဲတပ်ဖွဲ့သည် မီသမ်ဖက်တမင်းဆေးပြား ၁၀၅သန်း၊ မီသမ်ဖက်တမင်အခဲ ၂၈၇ကီလိုဂရမ်၊ ဟီရိုးအင်း ၁ဒသမ၉တန်၊ မီသိုင်းကလိုရိုက် ၂၅တန်၊ ဆူဒိုအက်ဖီဒရင်း ၂၉၃ကီလိုဂရမ်၊ အီသိုင်းအယ်လ်ကိုဟော ၁၀ တန်၊ ဟိုက်ဒရိုကလိုရစ်အက်စစ် လေးတန်နှင့် အရက် ၁၀တန် ဖမ်းဆီးရမိခဲ့သည်။

ပထမအဆင့် စစ်ဆင်ရေးမှာ Safe Mekhong Coordination Centre ကိုတည်ထောင်ခဲ့သည့် ၂၀၁၃ခုနှစ်က စတင်ခဲ့ပြီး ယင်းအဆင့်တွင် အမှု ၁,၅၉၀မှ သံသယရှိသူ ၂,၂၄၁ဦးကို ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များသည် မီသမ်ဖက်တမင်းဆေးပြား ၃၁သန်း၊ မီသမ်ဖက်တမင်းအခဲ ၁၇၀ကီလိုဂရမ်၊ ဟီးရိုးအင်း ၉၇၃ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးပြုလုပ်သည့် ဓါတုပစ္စည်း ၂၂၆တန်ကို ဖမ်းမိခဲ့သည်။

နယ်စပ်များတစ်လျှောက် မူးယစ်မှောင်ခိုမှုများကြောင့် အဆောတလျင်ဖြေရှင်းမှုများ ပြုလုပ်ရန်လိုအပ်နေသည်ဟု ဗိုလ်ချုပ်ကြီးပိုင်ဘွန်ကဆိုသည်။ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ နယ်မြေများကြား ဆက်စပ်နေသည့် ရွှေတြိဂံဒေသသည် ကမ္ဘာပေါ်တွင် တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်သည့် အကြီးမားဆုံးဒေသတစ်ခုဖြစ်သည်။

ယင်းဒေသတွင် ဘိန်း ၆၇၃တန်၊ ဟီးရိုးအင်း တန် ၅၀၊ မီသမ်ဖက်တမင်းအခဲ တန် ၂၀နှင့် မီသမ်ဖက်တမင်းဆေးပြား သန်း ၁,၀၀၀ကျော်ခန့် နှစ်စဉ်ထုတ်လုပ်နေသည်။

ထို့အပြင် အကြမ်းဖျင်းအားဖြင့် ယင်းဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သော ဓါတုပစ္စည်း တန် ၃,၀၀၀ကိုလည်း ထုတ်လုပ်နေသည်ဟု ဗိုလ်ချုပ်ကြီးပိုင်ဘွန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required