ရေငုပ်သင်္ဘောကိစ္စနဲ့အတူ မဟာမိတ်တွေအကြား ယုံကြည်မှု ကျိုးပျက်ခဲ့မှုအပေါ် ပြင်သစ် ပြစ်တင်ပြောဆို

ရေငုပ်သင်္ဘောကိစ္စနဲ့အတူ မဟာမိတ်တွေအကြား ယုံကြည်မှု ကျိုးပျက်ခဲ့မှုအပေါ် ပြင်သစ် ပြစ်တင်ပြောဆို
Photo - AFP

စက်တင်ဘာ ၂၁

ရေငုပ်သင်္ဘောကိစ္စနဲ့ပတ်သက်တဲ့ တင်းမာမှုတွေနဲ့အတူ လက်ရှိအချိန်မှာ “မဟာမိတ်နိုင်ငံတွေအကြား ယုံကြည်မှု ကျိုးပျက်ခဲ့မှု” အပေါ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း ဗက်စ် လီ ဒရီယန်က စက်တင်ဘာ ၂၀ ရက်မှာ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

ဒီမတိုင်မီမှာ သြစတြေးလျက ပြင်သစ်နဲ့အကြား ရေငုပ်သင်္ဘောဆိုင်ရာ အဓိက သဘောတူညီချက်တစ်ခုကို ဖျက်သိမ်းပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ ပူးပေါင်းကာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ သဘောတူညီချက် ရယူခဲ့တဲ့နောက် ပါရီအနေနဲ့ အကြီးအကျယ် အမျက်ဒေါသထွက်ထားခဲ့ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးတွေအတွက် နယူးယော့ခ်မှာ ရောက်နေခဲ့တဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါ ရေငုပ်သင်္ဘောကိစ္စဖြစ်ပြီးနောက် ဥရောပသားတွေအနေနဲ့ မဟာမိတ်ဖွဲ့မှုနဲ့ပတ်သက်ပြီး “လေးလေးနက်နက် စဉ်းစားသွား” ဖို့ လိုကြောင်း ၎င်းက တိုက်တွန်းသွားပါတယ်။

“ပထမ ပြဿနာက မဟာမိတ်တွေအကြား ယုံကြည်မှု ကျိုးပျက်မှု ဖြစ်ပါတယ်” လို့ ၎င်းက ပြောခဲ့ကာ ဥရောပသားတွေ လေးနက်စွာ စဉ်းစားကြရမယ်လို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

ဒီ ရေငုပ်သင်္ဘော ကိစ္စမှာ မိမိတို့အပေါ် အမေရိကန်က သစ္စာဖောက်ခဲ့ကြောင်းနဲ့ သြစတြေးလျက မိမိတို့ကို နောက်ကျောဓားနဲ့ထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ သီးခြား တွေ့ဆုံဖို့ အစီအစဉ်တော့ ရှိမနေဘူးလို့ သိရပါတယ်။

ကင်ဘာရာထံ ပြင်သစ်ရေငုပ်သင်္ဘောတွေ ရောင်းချမှုအစီအစဉ်ကို ပျက်ပြားစေခဲ့တဲ့ ကြေညာချက်တစ်ခုဖြစ်တဲ့ သြစတြေးလျ၊ ဗြိတိန် နဲ့အတူ မဟာဗျူဟာကျ မဟာမိတ်အဖွဲ့သစ်တစ်ခု ထူထောင်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၅ ရက်က ကြေညာခဲ့မှုအပေါ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီ ဒရီယန်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ပြင်သစ်-အမေရိကန် မဟာမိတ်ပြုမှုဟာ “ပွင့်လင်းမြင်သာမှု၊ ဖြေရှင်းချက်ပေးမှု၊ အချင်းချင်းအကြား အပြန်အလှန် ပြောဆိုဆွေးနွေးမှု” တို့အဖြစ် အဓိပ္ပါယ်ဆောင်တယ်လို့ ၎င်းက ပြောပါတယ်။ “အဲဒါတွေအားလုံးအတွက် ဒီကနေ့မှာ ဖြေရှင်းချက်ရဖို့ လိုပါတယ်” လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ပတ်သက်လို့ အမေရိကန်ဘက်က အလွန်တရာ ထိပ်တိုက်တွေ့လိုတဲ့ ဇောင်းပေးလုပ်ဆောင်မှုအပေါ် ၎င်းက ပြစ်တင်ခဲ့ပြီး ဥရောပဟာ ဝါရှင်တန်ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာကနေ “ဖယ်ထုတ်ခံ” နေရပြီလို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly