ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး လေကြောင်းတိုက်ခိုက် 

ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး လေကြောင်းတိုက်ခိုက် 
Photo - AFP

ဩဂုတ် ၅

နယ်စပ်တစ်ဖက်ကနေ ဒုံးကျည်တွေ နှစ်ရက်မြောက် ပစ်ခတ်ခံရပြီးနောက်မှာ အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို ခုနစ်နှစ်အတွင်းမှာ ပထမဆုံးအဖြစ် ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။ 

ဒါဟာ အစ္စရေးနိုင်ငံရဲ့ နည်းဗျူဟာ အပြောင်းအလဲ ဖော်ဆောင်တာဖြစ်ပြီး ‘အခြေအနေကို ပိုပြင်းထန်လာစေတဲ့ လုပ်ရပ်’ပဲလို့ လက်ဘနွန်နိုင်ငံက ရှုတ်ချပြောဆိုပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးသမားတွေကလည်း သည်းခံထိန်းချုပ်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။ 

“ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ လက်ဘနွန်ဖက်ကနေ အစ္စရေးပိုင်နက်ဆီ ဒုံးကျည်တွေ ပစ်ခတ်လာခဲ့တယ်”လို့ အစ္စရေးလေတပ်က တွစ်တာမှာ ရေးသားပါတယ်။ 

“ဒါကို လက်တုံ့ပြန်ပြီး ဒုံးကျည်ပစ်လွှတ်ရာ နေရာတွေနဲ့ လက်ဘနွန်က အကြမ်းဖက်တွေ အသုံးပြုတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်”လို့ တွစ်တာရေးသားချက်မှာ ဆိုပါတယ်။ 

“ပြီးခဲ့တဲ့ရက်ကလည်းဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်လာတာဖြစ်ပြီး အဲဒီ ဧရိယာက နောက်ထပ် ပစ်မှတ်တစ်ခုကိုပါ တိုက်ခိုက်ခဲ့တယ်”လို့ အစ္စရေးလေတပ် တွစ်တာမှာ ဖော်ပြပါတယ်။ 

အစ္စရေး လေယာဉ်တွေဟာ ဂါဇာက ပါလက်စတိုင်း လက်နက်ကိုင်ပစ်မှတ်တွေနဲ့ ဆီးရီးယားက ဟဇ်ဘိုလာနဲ့ အီရန်ပစ်မှတ်တွေကို ပုံမှန်ဆိုသလို လေကြောင်းတိုက်ခိုက်လေ့ရှိပေမယ့် လက်ဘနွန်က ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးပဲ ဖြစ်တယ်လို့ လေတပ်က အတည်ပြုပါတယ်။ 

နံနက် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ နယ်စပ်ကနေ ၁၁ ကီလိုမီတာ(ခုနစ်မိုင်)အကွာက မာမူဒီယာမြို့အပြင်ဖက်မှာ အစ္စရေးလေယာဉ်တွေ လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဩဇာကြီး ရှီယိုက်အုပ်စု ဟဇ်ဘိုလာ ထိန်းချုပ်တဲ့ လက်ဘနွန်က Al-Manar ရုပ်သံက ထုတ်လွှင့်ပါတယ်။ 

အခု လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ဘနွန်နိုင်ငံပိုင် National News Agency သတင်းဌာနက ထုတ်ပြန်ပေမယ့် အသေးစိတ်တော့ မဖော်ပြပါ။ 

လက်ဘနွန် ကျေးရွာတွေကို ပစ်မှတ်ထားပြီး အစ္စရေးရဲ့ လေတပ်အသုံးချမှုဟာ ၂၀၀၆ နောက်ပိုင်းမှာ အဲဒီလို လုပ်ဆောင်မှုမျိုးက ပထမဆုံးဖြစ်လာပြန်တာဖြစ်ပြီး လက်ဘနွန်အပေါ် အရှိန်မြှင့် တိုက်ခိုက်မှုတွေအတွက် ရည်ရွယ်ချက်ကို ဖော်ပြနေတယ်ဆိုလို့ လက်ဘနွန် သမ္မတ မီရှဲလ်အောင်းက ပြောပါတယ်။  

၂၀၁၄ ခုနှစ်အတွင်းက ဆီးရီးယား နယ်စပ်အနီး လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး စစ်လေယာဉ်တွေ နောက်ဆုံး တိုက်ခိုက်မှု ဆင်နွှဲခဲ့တာ ဖြစ်ပေမယ့် ၂၀၀၆ ခုနှစ်တုန်းက ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုက်ပွဲတွေ နောက်ပိုင်းကတည်းက ဟဇ်ဘိုလာတွေရဲ့ လက်ဘနွန်က အမာခံနယ်မြေကို အစ္စရေးဟာ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိခဲ့ပါ။ 

ကြာသပတေးနေ့မှာ နှစ်ရက်မြောက်အဖြစ် လက်ဘနွန်ဖက်ကနေ အစ္စရေးဆီ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကလည်း ဒုံးကျည်သုံးစင်း ပစ်ခတ်တိုက်ခိုက်တာကြောင့် လက်တုံ့ပြန် လေကြောင်းထိုးစစ်ဆင်ရတာဖြစ်တယ်လို့ အစ္စရေးလေတပ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly