ကလေးငယ်တစ်ဦး နာရေးမှာ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်သားတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွား 

ကလေးငယ်တစ်ဦး နာရေးမှာ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်သားတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွား 
Photo - AFP

ဇူလိုင် ၃၀

သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ အရင်ရက်က အသတ်ခံရတဲ့ ပါလက်စတိုင်း ယောက်ကျားလေးတစ်ဦးရဲ့ နာရေးမှာ အစ္စရေးစစ်သားတွေနဲ့ ပါလက်စတိုင်းတွေကြား ကြာသပတေးနေ့က ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်တယ်လို့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။ 

ဟီဘရွန်းမြို့က အနောက်မြောက်ဖက် အနောက်ဖက်ကမ်း ဘိုက်အူးမားမြို့မှာ ဖခင်ဖြစ်သူနဲ့အတူ ကားမောင်း ခရီးသွားနေတဲ့ အသက် ၁၂ အရွယ် မိုဟာမတ်အယ်အယ်လာမီဟာ အစ္စရေးစစ်သားတွေ ပစ်ခတ်လို့ ဗုဒ္ဓဟူးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

ကြာသပတေးနေ့မှာတော့ ဒီ ကလေးငယ်အလောင်းကို ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်ပါတီ Fatah ပါတီရဲ့ အလံလွှမ်းခြုံပြီး ဘိုက်အူးမားမြို့လမ်းတွေတစ်လျှောက် စီတန်းလှည့်လည်ပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ 

ဒီနောက်မှာ ပါလက်စတိုင်းရာပေါင်းများစွာဟာ အစ္စရေးစစ်သားတွေဆီ ခဲတွေနဲ့ ပစ်ပေါက်လာကြပြီး အစ္စရေးစစ်သားတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ပစ်ခတ်ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောပါတယ်။ 

အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာ ဗုဒ္ဓဟူးနေ့က ဘိုက်အူးမား စစ်ဆေးရေးဂိတ်အနီးမှာ ကားတစ်စီးထဲက ထွက်လာကြတဲ့ အမျိုးသားတွေဟာ မြေကြီးကို တူးဆွကြပြီး ထွက်ခွာသွားတာကို သိရှိသတိထားမိကြောင်း ဖော်ပြပါတယ်။  

အဲဒီ ဧရိယာတစ်ဝိုက်ကို စစ်ဆေးရာမှာ အိတ်နှစ်အိတ် တွေ့ရှိပြီး တစ်အိတ်က မွေးကင်းစကလေးငယ် ရုပ်အလောင်း ထည့်ထားတာကို တွေ့ရှိတယ်လို့ အစ္စရေးစစ်တပ် ထုတ်ပြန်ချက်က ဆိုပါတယ်။ 

နောက်ပိုင်းမှာ အဲဒီ ကားကို စစ်သားတွေက ထပ်တွေ့ရတာကြောင့် စံချိန်စံညွှန်း လုပ်ထုံးတွေနဲ့အညီ ကားကို ရပ်ခိုင်းဖို့ ကြိုးစားပြီး အော်ဟစ်ရပ်ခိုင်းတာ၊ မိုးပေါ် သေနတ်ထောင်ပစ် သတိပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“အဲဒီ ကားက မရပ်တာကြောင့် စစ်သားတစ်ဦးက ကားရပ်သွားအောင် ဘီးတွေဆီ လှမ်းပစ်ခဲ့တာ ဖြစ်တယ်”လို့ စစ်တပ်က ပြောပါတယ်။ 

“ဒီ ပစ်ခတ်မှုမှာ ပါလက်စတိုင်း ယောက်ကျားလေးငယ် သေဆုံးရပါတယ်ဆိုတဲ့ အတည်ပြုပြောဆိုချက်ကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ဒီ ဖြစ်ရပ်ကို အကြီးတန်း ကွပ်ကဲရေးအရာရှိတွေက ပြန်လည်သုံးသပ်နေတယ်လို့ ဖြည့်စွက်ဆိုထားပါတယ်။ 

အယ်လာမီဟာ ရက်ပိုင်းအတွင်းမှာ အစ္စရေးက ပစ်ခတ်လို့ သေဆုံးရတဲ့ ဒုတိယမြောက် ပါလက်စတိုင်း ငယ်ရွယ်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က မိုဟမတ်တာမီမီဆိုသူ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးထားခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required