ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ကျောက်ဖြူ၌ ပြုလုပ်မည်

ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ကျောက်ဖြူ၌ ပြုလုပ်မည်

ဒီဇင်ဘာလ ၁၀ ရက် ။             ။ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်တစ်ခုကို လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်ဖြူမြို့၊ ယပ်လှဲကျောင်းတိုက်တွင်   ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ဖိုရမ်ကို တွဲလက်ခိုင်မြဲ လူမှုဖွံ့ဖြိုးရေးဟူသည့်ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းလာစေရန်၊ အစိုးရသစ်လက်ထက်တွင် လက်တွဲမှုခိုင်မာစေရန်နှင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း အရေးကြီးကိစ္စများအား အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကိုင်တွယ်ဆောင်ရွက်သွားနိုင်ရေး စသည်တို့ ဆွေးနွေးမည်ဟု ပွဲဖြစ်မြောက်ရေး   ကော်မတီဝင် ကျောက်ဖြူအခြေစစ် SKY YOUTH အဖွဲ့မှ ဦးစိုးရွှေက ပြောသည်။

“ကျွန်တော်တို့အဖွဲ့အဓိကထားတာကတော့ လူငယ်နဲ့ပညာရေးရယ်၊ ကျောက်ဖြူက SEZ ကိစ္စနဲ့ပတ်သက်ပြီး တင်ပြမှုတွေ ပြုလုပ်သွားမယ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေကို ပါဝင်ဆွေးနွေးဖို့ လျာထားပါတယ်။” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံမှ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၈၀ ခန့်ကို ဖိတ်ကြားနေသည်။

ဖိုရမ်သို့ တက်ရောက်မည့် ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာခိုင်ကောင်းစံ က “အဲဒီဖိုရမ်မှာ လက်ရှိနိုင်ငံရေး၊ သယံဇာတ၊ အမျိုးသမီးရေးတွေနဲ့ ပဋိက္ခအခြေအနေတွေ၊ CSO တွေဟာ တိုင်းပြည် ထူထောင်ရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်မယ် ဆိုတဲ့ အစီအစဉ် တွေပါမယ်။” ဟု ပြောသည်။

ယင်းဖိုရမ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ခွင့်ပြုထားပြီး ချင်း၊ ခမီ၊ ဟိန္ဒူ၊ မရမာကြီး စသည့်   ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများမှ ၃၅ ငါးဦးအား ဖိတ်ကြားသွားမည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required