မဇ္ဈိမမီဒီယာကို ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရေး Amnesty International က စစ်ကောင်စီ ရှေ့နေချုပ်ထံ စာပို့တောင်းဆို 

By Amnesty.org 
22 July 2021
မဇ္ဈိမမီဒီယာကို ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရေး Amnesty International က စစ်ကောင်စီ ရှေ့နေချုပ်ထံ စာပို့တောင်းဆို 

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မဇ္ဈိမမီဒီယာကို ပူးတွဲတည်ထောင်သူ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူ ဒေါ်သင်းသင်းအောင် အပါအဝင် မတရားဖမ်းခံရသူများအား အမြန်ဆုံးနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) က စစ်ကောင်စီ၏ ရှေ့နေချုပ်ထံ အီးမေးလ်ပို့ တောင်းဆိုခဲ့ကြောင်း AI ၏ ဇူလိုင် ၂၂ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

AI အဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံရှိ လူသိများထင်ရှားသော လူ့အခွင့်အရေးခုခံကာကွယ်သူတစ်ဦးဖြစ်သည့် ဒေါ်သင်းသင်းအောင်သည် လွတ်လပ်စွာထုတ်ဖော် စုဝေးနိုင်သည့် အခွင့်အရေးများကို ငြိမ်းချမ်းစွာလုပ်ဆောင်မှုအတွက် စစ်တပ်က တစ်ဖက်သတ် ဖမ်းထားသည့် ဒီမိုကရေစီအရေးလိုလားသူ ၅၂၀၀ ကျော်နှင့် အလားတူပင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရနိုင်သည့် စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။ မြန်မာစစ်တပ်အနေဖြင့် ဒေါ်သင်းသင်းအောင် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် AI က တောင်းဆိုထားသည်။

Amnesty International သည် အာဏာသိမ်းစစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါက်တာ သီတာဦးထံ အီးမေးလ်ပေးပို့ကာ ဒေါ်သင်းသင်းအောင် ပြန်လည်လွတ်မြောက်ရေးအတွက် ရေးသား တောင်းဆိုခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ်ထံ ပေးပို့သည့် အီးမေးလ်ထဲတွင် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရေးသားဖော်ပြထားခဲ့သည့် မဇ္စျိမ သတင်းဌာနနှင့် ဆက်နွယ်ပတ်သက်မှုအတွက် ပစ်မှတ်ထားခံခဲ့ရသော ဒေါ်သင်းသင်းအောင်အပေါ် တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။ သူမ အပါအဝင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံရသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ AI က ရှေ့နေချုပ်ကို ပေးပို့သည့် စာတွင် ထည့်သွင်းရေးသားခဲ့သည်။

ဒေါ်သင်းသင်းအောင်သည် ၂၀၂၁ ဧပြီ ၈ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က) အောက်တွင် အများဆုံး ထောင်သုံးနှစ်အထိ ကျခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။ 

 သူမသည် မဇ္စျိမ ဒါရိုက်တာတစ်ဦးအဖြစ်မှ ဖေဖေါ်၀ါရီ ၄ ရက်တွင် နုတ်ထွက်ထားခဲ့ပြီး ဖြစ်သော်ငြားလည်း မတ်လ ၈ ရက်က မဇ္ဈိမမီဒီယာ၏ လိုင်စင်ရုပ်သိမ်းခံထားရပြီးနောက်ပိုင်း မဇ္စျိမက ထုတ်လွှင့်ဖော်ပြခဲ့သည့် အကြောင်းအရာများဖြင့် “အများပြည်သူ မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ခြင်း” နှင့် “အကြောက်တရား ဖြစ်စေခြင်း” တို့ ရှိခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။ 

ဇွန်လ ၃၀ ရက်က အကျဥ်းသား ၂,၃၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ဒေါ်သင်းသင်းအောင် အပါအ၀င် အခြားလူပေါင်းထောင်နှင့်ချီတို့ ဆက်လက်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။ ထိန်းသိမ်းခံရစဉ်အတွင်း အတင်းအကျပ် ပျောက်ကွယ်စေမှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အခြားသော နှိပ်စက်မှုများ၊ ထိန်းသိမ်းခံရစဥ် သေဆုံးမှုများနှင့်ပတ်သက်သည့် သတင်းများ ဆက်လက်ထွက်ပေါ်နေသည်ဟု ကြားသိရသည့်အတွက် စိတ်ပူပန်မိကြောင်း Amnesty International က ရေးသားထားသည်။ 

ထို့ပြင် နာတာရှည် ပန်းနာဝေဒနာ ခံစားနေရခဲ့သည့် ဒေါ်သင်းသင်းအောင်၏ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး လက်ရှိ Covid-19 ကူးစက်မှုဖြစ်ပွားနေချိန် အကျဉ်းထောင်ထဲ ရောဂါကူးစက်နိုင်မှု အန္တရာယ် မြင့်မားနေသည့် အပေါ်  လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဆိုထားသည်။ 

လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး စစ်ကောင်စီရဲ့ ဇူလိုင် ၂၀ ရက်အထိ ထုတ်ပြန်ထားသော စာရင်းအရ အကျဉ်းထောင်အသီးသီးမှ ကိုဗစ်ဖြစ်ပြီးနောက် ဆင်းရုံဆင်းရသူ ၁၅၂ဦး၊ ဆေးကုသမှု ခံယူနေရဆဲ ၂၀၈ ဦးရှိပြီး အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းအပါအဝင် သေဆုံးသူ ၆ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

Amnesty International အနေဖြင့် လက်ရှိ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် ပြစ်မှုဆိုင်ရာဥပ‌ဒေ ပုဒ်မ ၅၀၅ (က) အပါအ၀င် ဖိနှိပ်သည့် ဥပဒေများ အသုံးပြုနေမှုကို ရပ်ဆိုင်းရန် တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required