စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ် မြန်မာကို လေယာဉ်ဆီ တင်ပို့မှုများ ဆက်ရှိနေ

စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ် မြန်မာကို လေယာဉ်ဆီ တင်ပို့မှုများ ဆက်ရှိနေ
Photo: EPA

အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသော်လည်း မြန်မာသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုများ ဆက်ရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International )နှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Global Witness )တို့က မတ်လ ၁ ရက်တွင် ပြောသည်။ လေယာဉ်ဆီ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော နောက်ထပ်ကုမ္ပဏီများကို ၎င်းတို့က ထုတ်ဖော်ခဲ့သည်။

“ဥပဒေနဲ့ ဆန့်ကျင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်ထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့ဖွယ် ရှိတဲ့ လေယာဉ်ဆီ ပို့ဆောင်ရောင်းချမှုအသစ်တွေကို မိမိတို့ ခြေရာခံစုံစမ်းထားခဲ့တယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုံမှန်အားဖြင့် ကလေးတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးကြရတယ်။ ဒါပေမယ့် လေယာဉ်တွေဆိုတာ လေယာဉ်ဆီ ရှိမှပဲ ပျံတက်နိုင်တာ ဖြစ်တယ်” ဟု Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသီနှင့် အကြံပေး မွန့်စီ ဖာရားက ပြောသည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်အတိုက်အခံလုပ်သူတွေကို လူမဆန် ရက်ရက်စက်စက် ဖြိုခွင်းဖိနှိပ်ခဲ့သလို အရပ်သားတွေကိုလည်း မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်ထားခဲ့တယ်။ စစ်တပ်ဆီ လေယာဉ်ဆီ ရောက်ရှိအောင် ထောက်ပံ့ရောင်းချပေးတာက အဲဒီလို စစ်ရာဇဝတ်မှုတွေကို ထောက်ကူပံ့ပိုးတာပဲဖြစ်တယ်။ ဆိုတော့ ဒီလို တင်ပို့မှုတွေကို ခုချက်ချင်း ရပ်တန့်ရပါလိမ့်မယ်”
သုတေသနကို ကူညီ လုပ်ဆောင်ခဲ့ပြီး Global Witness ၏ အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူးဖြစ်သည့် ဟန်နာ ဟင်းဒ်စထရွန်းမ်က “ဒီ လေယာဉ်ဆီ ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်သူတိုင်းအနေနဲ့ အကျိုးအမြတ်တွေထက် လူတွေကို ပိုပြီး ရှေ့တန်းတန်း ဦးစားပေးဖို့နဲ့ ကြမ်းကြုတ်ယုတ်မာတဲ့ လုပ်ရပ်တွေကို ထောက်ကူပေးတဲ့ ဒီလေယာဉ်ဆီ ရောင်းချမှုကို ရပ်တန့်ဖို့ မိမိတို့ တိုက်တွန်းပါတယ်။ ဒီလို ရောင်းချမှုတွေကို တားဆီးနိုင်မယ့် အထိန်းအချုပ် အဟန့်အတားတွေ ပြဋ္ဌာန်း ၊ အသက်ဝင်စေအောင် လုပ်ဖို့ နိုင်ငံတွေကိုလည်း မိမိတို့ တောင်းဆိုတယ်” ဟု ပြောသည်။

“၂၀၂၂ အောက်တိုဘာက မြန်မာနိုင်ငံကနေ ရုပ်သိမ်းထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆွစ်ဇာလန် မှတ်ပုံတင် လောင်စာဆီ ကုမ္ပဏီ ပူးမားစွမ်းအင်က သူတို့ရဲ့ မြန်မာလုပ်ငန်းပိုင်ဆိုင်မှုအာမခံတွေကို မြန်မာစစ်တပ်အတွက် လောင်စာဆီ တင်သွင်းတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတစ်ခုဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် စိတ်ပျက်ရပါတယ်” ဟု မွန့်စီ ဖာရားက ပြောသည်။
မြန်မာစစ်တပ်နှင့် နိုင်ငံ၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများကို ချိတ်ဆက်သည့် လေယာဉ်ဆီ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်တစ်ခုနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်ရပ်ကို Amnesty International က ၂၀၂၂ နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း မြန်မာစစ်တပ်ထံ ရောက်ရှိခဲ့ဖွယ် ရှိသည့် လေယာဉ်ဆီများ အရောင်းအဝယ်လုပ်မှုတွင် ပါဝင်ပတ်သက်နေသော အခြားကုမ္ပဏီများကိုလည်း Amnesty International ၊ Global Witness နှင့် Burma Campaign UK တို့က ယခု ထပ်မံဖော်ထုတ်ထားသည်။

ကုန်ပစ္စည်း ပို့ဆောင်မှုတစ်ခုတွင် ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်က အိန္ဒိယ၊ Sikka မြို့မှ ထွက်ခွာခဲ့သည့် ဆီတင်သင်္ဘော Prime V လည်း ပါဝင်ပတ်သက်နေသည်။ ဒီဇင်ဘာ ၁၀ ရက်ခန့်တွင် Prime V သည် ရန်ကုန် သီလဝါဆိပ်ကမ်းရှိ ယခင် Purma Energy Aviation Sun Co. Ltd (PEAS) လောင်စာဆီသိုလှောင်မှုစခန်းတွင် Jet A-1 အမျိုးအစား လေယာဉ်ဆီကို ချခဲ့သည်။

အဆိုပါ အရောင်းအဝယ်တွင် ပါဝင်ပတ်သက်သည့် နောက်ထပ် ကုမ္ပဏီတစ်ခုသည် အိန္ဒိယ၏ Reliance Industries Ltd ဖြစ်ပြီး ယင်းသည် Prime V ထွက်ခွာသည့် ကုန်တင်ကုန်ချဆိပ်ကို ပိုင်ဆိုင်သည်။ ဂရိကုမ္ပဏီတစ်ခုဖြစ်သည့် Sea Trade Marine သည် Prime V ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ဖြစ်ပြီး ဂျပန်၏ P&I Club က အကာအကွယ်နှင့် လျော်ကြေး အာမခံကို ထုတ်ပေးထားသည်။ Amnesty International က ထိုကုမ္ပဏီများထံ ဆက်သွယ်ခဲ့သော်လည်း ဂျပန် P&I Club တစ်ခုတည်းကသာ တုံ့ပြန်ဖြေကြားသည်။ ၎င်းတို့အနေဖြင့် ထိုစဉ်အချိန်က သက်ဆိုင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်ခဲ့ကြောင်းနှင့်အကယ်၍ ဆီတင်သင်္ဘောက ဥပဒေနှင့်မညီသော လုပ်ရပ်တွင် ပါဝင်ပတ်သက်နေမည်ဆိုပါက ယင်း၏ အာမခံအကာအကွယ်ပေးမှုကို ရပ်ဆိုင်းနိုင်ကြောင်း ပြောသည်။ ဤပေးပို့မှုတွင် Prime V က သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခဲ့သည် ဆိုသည့် အဆိုပြုချက် မရှိပေ။

အောက်တိုဘာလ ကုန်ပို့ဆောင်မှုတစ်ခု၏ အသေးစိတ်အချက်များကို မကြာသေးခင်က ရရှိခဲ့ရာတွင် ဆီတင်သင်္ဘော Big Sea 104 သည် ၂၀၂၂ အောက်တိုဘာ ၈ ရက်ဝန်းကျင်က ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းရှိ Bangchak ရေနံချက်စက်ရုံမှ ထွက်ခွာခဲ့ကြောင်းကို ပြသနေသည်။ ယင်းသည် နောက်တစ်ပတ်အကြာတွင် သီလဝါသို့ ဆိုက်ရောက်ခဲ့ပြီး Jet A-1 လေယာဉ်ဆီ ၁၂,၅၉၂ တန်ကို ချခဲ့ကြောင်း ယခင် PEAS စခန်းရှိ ကုန်စည် အချက်အလက်ကုမ္ပဏီ  Kpler မှ အချက်အလက်များအရ သိရသည်။

သင်္ဘော ထွက်ခွာလာသည့် ရေနံချက်စက်ရုံကို ထိုင်းကုမ္ပဏီ Bangchak Corporation Plc က ပိုင်သည်။ နောက်ထပ် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Prima Marine Plc က Big Sea 104 ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ဖြစ်ပြီး လူဇင်ဘတ် အခြေစိုက် The Shipowners’ P&I Club က အာမခံ ထုတ်ပေးထားသည်။ အဆိုပါကုမ္ပဏီများက Amnesty International ၏ စာများကို တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

“တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဖို့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတွေ ဆက်လက် ရရှိနေစေအောင်လို့ ဒီကုမ္ပဏီတွေက ပါဝင်ပတ်သက်ထားခဲ့ပါတယ်။ ဒါကို ရပ်တန့်ရပါမယ်။ ကုမ္ပဏီအားလုံးအနေနဲ့ မြန်မာကို လေယာဉ်ဆီ ထောက်ပံ့ဖြည့်ဆည်းပေးမှုမှာ ပါဝင်ပတ်သက်နေတာကို ရပ်တန့်သင့်ပါတယ်” ဟု မွန့်စီ ဖာရားက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly