မီးလောင်စေတဲ့ ပူဖောင်းတွေ ပို့လွှတ်ခံရပြီးနောက် ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက် 

မီးလောင်စေတဲ့ ပူဖောင်းတွေ ပို့လွှတ်ခံရပြီးနောက် ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက် 
Photo - AFP

AFP 

ပါလက်စတိုင်းနယ်မြေဖက်ကနေ မီးလောင်စေတဲ့ ပူဖောင်းတွေ ပို့လွှတ်လာတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာက အစ္စလာမ္မစ်လက်နက်ကိုင် တည်နေရာတွေကို လေကြောင်းကနေ သောကြာနေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ 

အခု တိုက်ခိုက်မှုဟာ မေလက တိုက်ပွဲတွေ အဆုံးသတ်စေတဲ့ အပစ်ရပ်ပြီးနောက်ပိုင်း နောက်ဆုံးဖြစ်ပွားလာတဲ့ မတည်မငြိမ်မှုလည်းပဲ ဖြစ်ပါတယ်။ 

အစ္စရေး ပိတ်ဆို့ထားတဲ့ ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ်အုပ်စု ဟားမတ်စ်ရဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက စစ်ရေးလေ့ကျင့်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရမှု သတင်းတော့ မကြားရသေးပါ။ 

“မီးလောင်ပူဖောင်းတွေ အစ္စရေးပိုင်နက်ဆီ ဒီကနေ့မှာ ပို့လွှတ်လာတာကို လက်တုံ့ပြန်ပြီး ဟားမတ်စ်အဖွဲ့ပိုင် လက်နက်ထုတ်လုပ်ရေးနေရာကို တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်”လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ 

ဂါဇာဖက်ကနေ ပို့လွှတ်လာတဲ့ မီးလောင်ပူဖောင်းတွေကြောင့် ဂါဇာနယ်စပ် Eshkol အရပ်မှာ သာမန်မီးလောင်မှု လေးနေရာ ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးမီးသတ်ဌာနက ပြောပါဝယ်။ 

မီးလောင်မှုတွေဟာ အနည်းအကျဉ်းသာဖြစ်ပြီး အန္တရာယ် မရှိသလို အမြန်ပဲ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“မီးလောင်မှု စုံစမ်းစစ်ဆေးရေးက အခု မီးလောင်မှု အားလုံးဟာ ဂါဇာဖက်က မီးလောင်ပူဖောင်းတွေ ပို့လွှတ်တာကြောင့် ဖြစ်တာလို့ စိစစ်ဆုံးဖြတ်ခဲ့ပါတယ်”လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဂါဇာက ဟားမတ်စ်အုပ်ချုပ်ရေးအဖွဲ့အပြင် အခြား ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစ္စရေးရဲ့ ကြား လူအသေအဆုံးများတဲ့ ၁၁ ရက်ကြာ တိုက်ပွဲဟာ အပစ်ရပ်ကြေညာချက်နဲ့ မေ ၂၁ ရက်ကမှ အဆုံးသတ်နိုင်ခဲ့တာပါ။ 

အခု မီးလောင်ပူဖောင်းတွေ ပို့လွှတ်တာအတွက် ဂါဇာအခြေစိုက် မည်သည့်အုပ်စုကမျှ တာဝန်ရှိတယ်လို့ လတ်တလော ထုတ်ပြန်လာတာ မရှိသေးပါ။ 

အပစ်ရပ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့လက မီးလောင်ပူဖောင်းတွေ ပို့လွှတ်တာကို အစ္စရေးက လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ထိပ်တိုက်တွေ့မှုတွေ များစွာ ဖြစ်ပွားထားတာလည်း ဖြစ်ပါတယ်။ 

ဇွန် ၁၈ ရက်က အပြန်အအလှန် ပစ်ခတ်မှုတစ်ရပ် ဖြစ်အပြီးမှာ အစ္စရေးစစ်ဦးစီးချုပ်က ‘ရန်လိုမှုတွေလို့ မှတ်ယူရတာတွေအပါအဝင် ကိစ္စအခင်းအကျင်းတိုင်းအတွက်’ အသင့်ရှိနေဖို့ တပ်ဖွဲ့ဝင်တွေကို အမိန့်ထုတ်ခဲ့ပါတယ်။ 

မေလ တိုက်ပွဲတွေအတွင်း တိုက်ခိုက်ရေးသမားအချို့အပါအဝင် ပါလက်စတိုင်း ၂၆၀ သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေအရ သိရပါတယ်။ 

အစ္စရေးဖက်မှာတော့ စစ်သားတစ်ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးကြောင်း စစ်တပ်နဲ့ ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required