တရုတ် PetroChina ကုမ္ပဏီက မြန်မာသို့ လေယာဉ်ဆီ တင်ပို့ရောင်းချခဲ့

တရုတ် PetroChina ကုမ္ပဏီက မြန်မာသို့ လေယာဉ်ဆီ တင်ပို့ရောင်းချခဲ့

မေ ၂၀

တရုတ်အခြေစိုက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ PetroChina ၏ လက်အောက်ခံကုမ္ပဏီခွဲဖြစ်သည့် PetroChina International Singapore Pte Ltd သည် ဧပြီလအတွင်းက မြန်မာနိုင်ငံတွင်းသို့ လေယာဉ်ဆီ ကုန်စည်တစ်ခု တင်ပို့ရောင်းချခဲ့ကြောင်း ရိုက်တာက ပြန်လည်ဆန်းစစ်ခဲ့သည့် သွင်းကုန်ဒေတာအချက်အလက်များအရ သိရသည်။ ဖေဖေါ်၀ါရီလက အာဏာသိမ်းပြီးနောက် ပထမဆုံးသော ယင်းကဲ့သို့ တင်ပို့မှုလည်းဖြစ်သည်။

ထောက်ပံ့ပေးသွင်းသူများသည် မြန်မာကို လေယာဉ်ဆီ ရောင်းချမှုနှင့်ပတ်သက်ပြီး အထူးသတိရှိနေခဲ့ကြပြီး အကြောင်းရင်းမှာ ယင်းကို အရပ်ဘက်လေကြောင်းလိုင်းများအပြင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ထောက်ပံ့ပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ရန် လေယာဉ်များတွင် အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်ကြောင်း လုပ်ငန်းတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယခု လေယာဉ်ဆီ တင်ပို့ရောင်းချမှုက မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မေးခွန်းသစ်များကို ထွက်ပေါ်စေနိုင်သည်။ တရုတ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ပံ့ပေးနေသည်ဟု အာဏာသိမ်းအုပ်စု ဆန့်ကျင်သူများက စွပ်စွဲထားခဲ့ကြပြီး ထိုစွပ်စွဲချက်ကို ပေကျင်းက ငြင်းဆန်ပယ်ချထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ပန်ကြားမှုကို တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက လက်တလော တုံ့ပြန်ထားခြင်း မရှိပေ။ နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (China National Petroleum Corporation) က ထိန်းချုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် PetroChina ကလည်း လောင်စာဆီ တင်ပို့မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားချက်ကို တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

လူအများသို့ ထုတ်ပြန်ထားခြင်းမရှိသည့် သွင်းကုန်‌ဒေတာများအရ PetroChina International သည် ဆီတင်သင်္ဘော MT Yu Dong ဖြင့် လေယာဥ်ဆီ ၁၃,၃၀၀ တန်နှင့် ဓာတ်ဆီ ၄,၀၀၀ တန်ကို တင်ပို့ခဲ့ပြီး ယင်းတို့ကို ဧပြီ ၁၅ ရက်က သီလ၀ါ ဆိပ်ကမ်း၌ ဆီအတင်အချ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ အရပ်သားရာပေါင်းများစွာကို သတ်ဖြတ်မှုအတွက် အမေရိကန်နှင့် ဗြိတိန် အပါအ၀င် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် ပြစ်တင်ရှုတ်ချထားပြီး အရေးယူပိတ်ဆို့မှုများကို ချမှတ်ထားခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ရေနံထုတ်ကုန် တင်ပို့ရောင်းချမှုများကို တရားမ၀င်ဟု သတ်မှတ်သည့် မည်သည့်နိုင်ငံတကာ အစီအမံမှ မရှိသေးပေ။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူများအကြား ဆွေးနွေးရေးအတွက် တောင်းဆိုထားသော်လည်း ယင်း၏ ဧပြီထုတ်ပြန်ချက်ထဲတွင် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရေး တောင်းဆိုမှုကို လုပ်ဆောင်ထားခဲ့ခြင်းမရှိပေ။

တရုတ်သည် အာဏာသိမ်းစစ်အုပ်စုအပေါ် အခိုင်အမာ ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ ယင်းအနေဖြင့် အိမ်နီးချင်းနိုင်ငံတွင် တည်ငြိမ်‌ရေးကိုသာ မြင်လိုသည်ဟု ပြောနေခဲ့သည့်အတွက် ယင်းသည် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပေးနေသည်ဆိုပြီး စစ်အုပ်စု ဆန့်ကျင်သူအချို့က စွပ်စွဲခဲ့ကြသည်။

“နေပြည်တော်မှာ သြဇာအရှိန်အ၀ါကို တိုးချဲ့ချင်တဲ့ ပေကျင်းရဲ့ ဆန္ဒကို ထောက်ရှုကြည့်မယ်ဆိုရင် ဘယ် တရုတ်နိုင်ငံပိုင်ကုမ္ပဏီမဆို မြန်မာအာဏာသိမ်းစစ်အစိုးရနဲ့ စီးပွားရေးလုပ်မှုအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်ထိုးနှက် ခြိမ်းခြောက်မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လိမ့်မယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိတဲ့ ပုံပါပဲ” ဟု စင်ကာပူ နန်ယန်း နည်းပညာတက္ကသိုလ်ရှိ S. Rajaratnam နိုင်ငံတကာလေ့လာရေး ကျောင်းမှ တွဲဖက်သုတေသနအသင်း၀င် ဟန်ရစ်ခ် တီစ်ဂျန်က ပြောသွားခဲ့သည်။

ယခုကဲ့သို့ လောင်စာဆီ ရောင်းချမှုအပေါ် တက်ကြွလှုပ်ရှားသူအဖွဲ့ Justice for Myanmar ကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

“PetroChina ဘက်က မြန်မာကို လေယာဉ်ဆီ တင်ပို့နေတာ၊ နောက်ပြီး တိုင်းရင်းသား အစုအဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ မဆင်မခြင် လုပ်ဆောင်နေတဲ့ စစ်ရာဇ၀တ်သားတွေနဲ့ စီးပွားရေးလုပ်တာတို့အပေါ် ကျွန်မတို့ အင်မတန် စိတ်ပျက်မိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly