မြန်မာစစ်တပ် လေယာဉ်ဆီ ရရှိနေမှုအပေါ် ပိတ်ပင်ကန့်သတ်ရေး နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း

မြန်မာစစ်တပ် လေယာဉ်ဆီ ရရှိနေမှုအပေါ် ပိတ်ပင်ကန့်သတ်ရေး နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း
Photo-AFP

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအပေါ် “ပိုမို ပြင်းထန်သော” ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပြီး စစ်တပ်ထံ လေယာဉ်ဆီ မရောက်ရှိစေရန် ပိတ်ပင်ကန့်သတ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် (ခေါ်) ကိုထိန်လင်းက Sky News သတင်းဌာနကို ပြောကြားသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးအကျဉ်းချခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ် အဲရစ် Sky News နှင့် ယခု တွေ့ဆုံမှုမတိုင်မီ Sky News သတင်းဌာန၏ သတင်းထောက်ချုပ် စတူဝက် ရမ်ဆေးနှင့် အဖွဲ့သည် မြန်မာစစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် အရှိန်မြင့်နေသည့် ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး သတင်းရယူဖော်ပြရန် မြန်မာနိုင်ငံ တောတွင်းနေရာသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။

၎င်းတို့သည် အာဏာသိမ်းစစ်အုပ်စုကို တော်လှန် တိုက်ခိုက်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဆေးဝါးကုသပြုစုသူများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ မြန်မာနိုင်ငံတွင် တစ်လကြာ နေခဲ့ကြသည်။

မြန်မာ ပဋိပက္ခစစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာအစိုးရများက မြန်မာပြည်သူများ မျှော်လင့်ထားသလောက် ပြောဆိုနေခြင်း မရှိသည်က ဘာကြောင့်လဲဟု မေးမြန်းမှုကို မစ္စတာ အဲရစ်က “ကံမကောင်းစွာနဲ့ပဲ ကမ္ဘာ့ တစ်ခြားတစ်ဖက်ခြမ်းမှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်လို့ ဒါက စိတ်မဝင်စားမှုကို ပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်လို့ ထင်ပါတယ်။ ပြည်သူတွေ ကိုယ်တိုင် စပြီး မပါမချင်း၊ အစိုးရတွေက ဘာမှ လုပ်ဖွယ် မရှိဘူး” ဟု ပြောသည်။

နိုင်ငံတကာအစိုးရများက “ဖြစ်ပျက်နေသည့် အခြေအနေများ” ကို ပြစ်တင်ဝေဖန်ထားသော်လည်း လက်ရှိအချိန်တွင် ပိုပြီး လေးနက်သော ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုနေပြီဖြစ်ကြောင်း မစ္စတာ အဲရစ်က ပြောသည်။

မည်ကဲ့သို့ လုပ်ဆောင်ချက်များလဲဟု မေးမြန်းမှုကို မစ္စတာ အဲရစ်က “ပိုပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။ မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီနဲ့ အဲဒီလိုမျိုး အရာတွေ မရောက်ရှိစေအောင် ပိတ်ပင်ကန့်သတ်တာ ဒါမှမဟုတ် လုံးလုံးလျားလျား ဖြတ်တောက်တာတို့လိုမျိုး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။
“ဒါက အလွန့်အလွန် အထောက်အကူဖြစ်စေပါလိမ့်မယ်”

“ပြီးတော့ အကူအညီ လိုအပ်နေသူတွေဆီ အကူအညီတွေ ရောက်ရှိစေအောင် လုပ်ဖို့ ဖြစ်ပါတယ်။ ခုချိန်မှာ စစ်တပ်က လူတိုင်းဆီ အကူအညီအားလုံးကို ဖြတ်တောက်နေပါတယ်”

မြန်မာပြည်တွင်းစစ်တွင် စစ်တပ်က တိုက်လေယာဉ်များသုံးပြီး ပစ်မှတ်များကို ဗုံးကြဲနေချိန် မြန်မာစစ်တပ်၏ လေယာဉ်ဆီ ရရှိမှုအပေါ် ပိတ်ပင်တားမြစ်ရေး မစ္စတာ အဲရစ်က တောင်းဆိုခြင်း ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့က မြန်မာစစ်တပ်ထံ အဆင့်မြင့်လက်နက်များ အဓိက ပေးသွင်းထောက်ပံ့နေသူများဖြစ်သည်ဟု ပြောသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အစီရင်ခံစာတစ်ရပ်ကို ၎င်းက ကိုးကား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required